စစ်အစိုးရ အာဘော် မီဒီယာ ပိတ်ဆို့မှု ထိရောက်ဖွယ်နှင့် ပတ်သက်၍ စာနယ်ဇင်းသမားအများ သံသယဖြစ်

စစ်အစိုးရ အာဘော် မီဒီယာ ပိတ်ဆို့မှု ထိရောက်ဖွယ်နှင့် ပတ်သက်၍ စာနယ်ဇင်းသမားအများ သံသယဖြစ်
by -
နန်းဒေဝီ
စစ်အစိုးရ၏ ၀ါဒဖြန့်ချိမှု ယန္တရားဖြစ်သော နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာများနှင့် ရုပ်မြင်သံကြားများ ရုပ်ရှင်လုုပ်ငန်းများကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု စာရင်းသစ်၌ ထပ်တိုးလိုက်သော်လည်း  အကျိုးသက်ရောက် ...

နယူးဒေလီ (မဇ္စျိမ)။     ။ စစ်အစိုးရ၏ ၀ါဒဖြန့်ချိမှု ယန္တရားဖြစ်သော နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာများနှင့် ရုပ်မြင်သံကြားများ ရုပ်ရှင်လုုပ်ငန်းများကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု စာရင်းသစ်၌ ထပ်တိုးလိုက်သော်လည်း  အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍  မြန်မာစာနယ်ဇင်းသမား အများစုက သံသယဖြစ်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်ဖြင့် ၁၈ လ ပြစ်ဒဏ်ခံရန် စီရင်ချက်ချသည့်အပေါ် တု့ံပြန်သည့်အနေဖြင့် ယခုုလ ၁၄ ရက်နေ့က အီးယူ - ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု နောက်တိုုးစာရင်းထဲ၌ မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများ၊ တပ်မတော် အသံလွှင့်လုပ်ငန်း (မြဝတီရုပ်မြင်သံကြား)၊ မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားလုပ်ငန်း၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းတို့မှ အရာရှိများ၏ အမည်စာရင်းပါ ပါ၀င်လာသည်။

အီးယူ ကြေညာချက်တွင် အသစ်ထပ်တိုးလိုက်သည့် ပိတ်ဆို့မှုစာရင်း၌ ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်အတွက် တာဝန်ရှိသည့် တရားစီရင်ရေးမှ ပုဂ္ဂိုလ်များ၊ စာနယ်ဇင်းလုပ်ငန်းများမှ တာဝန်ရှိသူများ၏ အမည်များကိုပါ ထည့်သွင်းကြောင်းနှင့် ထိုပုဂ္ဂိုလ်များ အီးယူအဖွဲ့ဝင် နိုင်ငံများသို့ လာရောက်ခွင့်အပြင် ပိုင်ဆိုင်သည့် ငွေကြေးများကိုပါ ပိတ်ပင်လိုက်ကြောင်း ဖော်ပြထားသည်။

မြန်မာ့စာနယ်ဇင်းလုပ်ငန်းသည် အမြတ်အစွန်းထွက်သည့် လုပ်ငန်းမဟုတ်သည့်အပြင်၊ စစ်ဘက်ဆိုင်ရာ အရာရှိများအနေနှင့် ဥရောပနိုင်ငံ ခရီးထွက်သူများ မရှိသလောက် ရှားပါးသည်ဟု ဝေဖန်သူများက ပြောသည်။

“ကျနော်က ပိတ်ဆို့ရေးအပေါ် အယုံအကြည်မရှိဘူး။ ဒီလိုလုပ်တာကလည်း မြန်မာ့စာနယ်ဇင်းလုပ်ငန်းကို သေချာမသိလို့ အဲလိုလုပ်လိုက်တာပါ” ဟု ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။

“ဒီပိတ်ဆို့မှုက တလွဲကို ဖြစ်နေတယ်။ အီးယူ ထပ်လုပ်ရမယ့် ပိတ်ဆို့မှုတွေထဲမှာ ကျန်ရှိနေတဲ့ စစ်ဗိုလ်ချုပ် သားသမီးတွေ၊ မိသားစုတွေ လုပ်ကိုင်နေတဲ့ စီးပွားရေးတွေကို ရည်ရွယ်ပိတ်ဆို့သင့်တယ်” ဟု သူက ထပ်ပြောသည်။

ထို့အပြင် စစ်အစိုးရယန္တရားအတွင်း ရောက်နေသော်လည်း အရပ်သားများအနေဖြင့် မလွှဲမရှောင်သာ လုပ်နေရခြင်းများ ရှိနေသည်ဟု အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“အစိုးရအရာရှိတွေနဲ့ ထဲထဲဝင်ဝင် ပေါင်းနေတဲ့သူတွေလည်း ဂျာနယ်ထဲမှာ ရှိပါတယ်။ ဒါပေမဲ့ ဘယ်ဂျာနယ်မှ သူတို့ အတင်းလုပ်ခိုင်းတာကို ငြင်းလို့ မရပါဘူး။ မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလိုပါပဲ ဆက်ဆံနေရတာ” ဟု သူက ဆိုသည်။

၀ါရင့်စာရေးဆရာတဦးကလည်း စစ်အစိုုးရ ထိန်းချုပ်မှုကြောင့်သာ အရင်းခံဟု ဆိုသည်။

“အစိုးရမီဒီယာတွေဆိုတော့ သူ့ဝါဒ သူ ဖြန့်တာပါဗျာ။ ဘယ်တတ်နိုင်မလဲ။ အဲလို ၀ါဒဖြန့်အောင် သူ ဖွဲ့စည်းထားတာပဲ။ အဲဒါမျိုးတော့ မလုပ်ရဘူး ပြောမရပြန်ဘူး။ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတာလည်း ရှိသေးတယ်လေ” ဟုု သူက ပြောသည်။

သို့သော် ထိုင်းအခြေစိုက် မြန်မာသတင်းသမဂ္ဂ - BMA ၏ အတွင်းရေးမှူး ဦးစံမိုးဝေက ယခု အရေးယူ ပိတ်ဆို့မှုအပေါ် ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံ စာပေစိစစ်ရေးအဖွဲ့ကိုပါ စာရင်းထဲတွင် ထည့်သွင်းသင့်ကြောင်း ပြောသည်။

သူက “အီးယူက စာပေစိစစ်ရေးကိုလည်း ပိတ်ဆို့မှုစာရင်းထဲ ထည့်ဖို့ကောင်းတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို သူတို့ချိုးဖောက်တယ်၊ ထိန်းချုပ်တယ်။ သူတို့တွေရဲ့ သွားလာခွင့်တွေကို ပိတ်သင့်တယ်” ဟု ပြောသည်။

စစ်အစိုးရ မီဒီယာတချို့ကို ပိတ်ဆို့အရေးယူလိုက်ခြင်းဖြင့် ကျန်ရှိသည့် ပုဂ္ဂလိက မီဒီယာလုပ်ငန်းများအတွက်ပါ သတိပေးရာရောက်ကြောင်း ဦးစံမိုးဝေက ပြောသည်။ ထို့အပြင် စစ်အစိုးရပိုင် မီဒီယာလုပ်ငန်းများကို ပိတ်ဆို့ရခြင်းသည် စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေးအတွက် အသုံးချနေသဖြင့် အရေးယူပိတ်ဆို့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

၁၉၉၆ ခုနှစ်တွင် အီးယူက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု စတင်ခဲ့ပြီး၊ နှစ်စဉ် သက်တမ်းတိုးလေ့ရှိသည်။ ယခုတကြိမ် ထပ်မံ၍ ပိတ်ဆို့မှုသည် လာမည့်နှစ် ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်။

စစ်အစိုးရနှင့် စီးပွားစပ်တူလုပ်ကိုင်နေသူများ ပိုင်ဆိုင်သည့် လုပ်ငန်းပေါင်း ၄၀ အား အီးယူက ပိတ်ဆို့ထားသေးသည်။

Most read this week