မြန်မာအတိုက်အခံ အစည်းအဝေးကို အင်ဒိုနီးရှားက ထောက်ခံမှု ရပ်ဆိုင်း

မြန်မာအတိုက်အခံ အစည်းအဝေးကို အင်ဒိုနီးရှားက ထောက်ခံမှု ရပ်ဆိုင်း
by -
မုံပီး
ပြည်ပရောက် မြန်မာအတိုက်အခံ ခေါင်းဆောင်များ၏ ကွန်ဖရင့်ကို မြန်မာစစ်အစိုးရက ကန့်ကွက်ခြင်း၊ `အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဆိုပြုချက်´ ဆိုသည့် ဂျကာတာတွင် ကျင်းပ ...

နယူးဒေလီ (မဇ္ဈိမ)။     ။ ပြည်ပရောက် မြန်မာအတိုက်အခံ ခေါင်းဆောင်များ၏ ကွန်ဖရင့်ကို မြန်မာစစ်အစိုးရက ကန့်ကွက်ခြင်း၊ `အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဆိုပြုချက်´ ဆိုသည့် ဂျကာတာတွင် ကျင်းပသည့် အစည်းအဝေးကို ရပ်ဆိုင်းပစ်ရန် ကြိုးပမ်းခြင်းတို့သည် စစ်အစိုးရက သူတို့အာဏာ လက်လွှတ်ရမည်ကို စိုးရိမ်ထိတ်လန့်နေသည့် လက္ခဏာပင် ဖြစ်သည်ဟု အတိုက်အခံ အဖွဲ့ဝင်တဦးက ပြောသည်။

အင်ဒိုနီးရှား အာဏာပိုင်များက ကန့်ကွက်၍ လုံခြံုရေးအစောင့််များ လာချထားခဲ့ပြီးနောက် အကြီးမားဆုံး မြန်မာ့အတိုက်အခံ မဟာမိတ်အဖွဲ့များ၏ ခေါင်းဆောင်များသည် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တို့တွင် သူတို့အစည်းအဝေး ကျင်းပရာနေရာကို ပြောင်းရွှေ့ပြုလုပ်ခဲ့ကြရပြီး အစည်းအဝေးကို ခပ်လျှိုလျှိုပင် ပြုလုပ်ခဲ့ကြရသည်ဟု ဆိုသည်။

`ကျနော်တို့ သိသလောက်တော့ ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကို စာရေးပြီး ပြည်ပရောက် အတိုက်အခံအဖွဲ့တွေကို သူတို့နိုင်ငံမှာ လက်ခံပြီး အစည်းအဝေးကျင်းပခွင့် ပေးတာကို ကန့်ကွက်တယ်လို့ ဆိုတယ်´ ဟု အစည်းအဝေးတက်ရောက်ရန် ဂျကာတာသို့ ရောက်ရှိလာသော ပအိုဝ်ကိုယ်စားလှယ် ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

မြို့တော်ရဲတပ်ဖွဲ့ဝင် အများအပြားကို ဂျကာတာမြို့ အစည်းအဝေး ကျင်းပမည့်နေရာသို့ လာရောက်ချထားခဲ့ပြီး `အနည်းဆုံး အင်ဒိုနီးရှား ထောက်လှမ်းရေး ၄ ယောက်၊ ၅ ယောက်လောက်က ကျနော်တို့နောက်က ဘယ်သွားသွား တောက်လျှောက် လိုက်နေတာ´ ဟု ခွန်ဥက္ကာက ပြောသည်။

မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံက တရားဝင်အသိအမှတ်ပြုထားသော နိုင်ငံတနိုင်ငံဖြစ်၍ မြန်မာပြည်ပရောက် အစိုးရအဖွဲ့ကို သူတို့နိုင်ငံတွင် အစည်းအဝေးကျင်းပခွင့် မပေးနိုင်ပါဟု အင်ဒိုနီးရှားနိုင်ငံက ပြောကြောင်း အေပီသတင်းဌာနက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah ကို ကိုးကားရေးသားထားသည်။

`ပြည်ပရောက် အစိုးရပါလို့ပြောတဲ့ ဘယ်နိုင်ငံက ဘယ်သူ့ကိုမဆို အင်ဒိုနီးရှားနိုင်ငံမှာ သူတို့ လှုပ်ရှားမှုတွေလုပ်ဖို့ ကျနော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး´ဟု Faizasyah ကို ကိုးကားရေးသားထားသည်။

ဤသို့ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးက ကန့်ကွက်ခြင်းသည် သူတို့အုပ်စိုးမှုကို ခြိမ်းခြောက်နိုင်သည့် အတိုက်အခံတို့၏ မည်သည့် လှုပ်ရှားမှုမျိုးကိုမဆို စစ်အစိုးရက ကြောက်ရွံ့ကြောင်း ပြသနေခြင်းပင်ဖြစ်သည်ဟု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအတွက် စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲ ဝင်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ပအိုဝ်လွတ်မြောက်ရေးအဖွဲ့ (PLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

`ကျနော်တို့ နိုင်ငံတကာနဲ့ ဒေသတွင်း အသိုင်းအဝိုင်းရဲ့ ထောက်ခံမှုရသွားမှာကို စစ်အစိုးရ ကြောက်နေတယ်ဆိုတာ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်´ ဟု သူက ပြောသည်။

`ဒါပေမဲ့ ကျနော်တို့ ဒီ (ဂျကာတာ) မှာလာတာ ကျနော်တို့နိုင်ငံတွင်းမှာ ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးဘို့ လာတာပါ။ သူတို့ကို ဖြုတ်ချရေးအတွက် ဆွေးနွေးဘို့လာတာ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာ ပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက်နဲ့ သူတို့နဲ့ ဘယ်လို ပွေ့ဖက်နှုတ်ဆက်ရမယ်ဆိုတာတွေ ဆွေးနွေးဘို့ လာတာပါ´ ဟု သူက ဆက်လက်ပြောဆိုသည်။

မြန်မာနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ စုပေါင်းပါဝင်သည့် `မဟာမိတ် ရ ဖွဲ့´ မှ ခေါင်းဆောင်များသည် ဤသို့ ကန့်သတ်မှုများ ရှိနေလင့်ကစား အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြပြီး `အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဆိုပြုချက်´ ဆိုသည့် စာတမ်းကို အတည်ပြုခဲ့ကြသည်။ ဤအဆိုပြုချက်သည် မြန်မာစစ်အစိုးရ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်နှင့်အပြိုင် အခြားရွေးချယ်စရာ အဆိုပြုချက်တရပ် ဖြစ်သည်။

ဤအဆိုပြုချက်တွင် ယုံကြည်မှုတည်ဆောက်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ စစ်တပ်၏ အခန်းကဏ္ဍဟူ၍ အဓိကအပိုင်း ၃ ပိုင်း ပါဝင်ပြီး အမျိုးသားညီညွတ်ရေးကို ထိန်းသိမ်းပြီး တွေ့ဆုံဆွေးနွေးရေးမှတဆင့် အသွင်ကူးပြောင်းရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ကြောင်း အာမခံချက်ပေးထားသည်။

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းသည် ညတွင်းချင်း ချက်ချင်းလုပ်ကိုင်၍မရ ဆိုသည့်အချက်ကို အသိအမှတ်ပြုထားပြီး ဤလုပ်ငန်းစဉ်ကို ချက်ချင်းစတင်ရန် လိုအပ်ကြောင်းနှင့် အကောင်းဆုံး စတင်နိုင်မည့် နည်းလမ်းမှာ အင်္ဂါနေ့က ဆိုင်းငံ့ထောင်ဒဏ် ၁၈ လ အချခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်ဖြစ်ကြောင်း ဤစာတမ်းတွင် ရေးသားဖော်ပြထားသည်။

`ကျနော်တို့ ရှေ့ကို ဆက်လျှောက်ချင်တယ်ဆိုရင် ကျနော်တို့ကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ လိုပါတယ်။ ဒီလိုလုပ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဘို့ လိုပါတယ်´ ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်လာသူ ခွန်ဥက္ကာက ပြောသည်။ NCUB သည် ဒီမိုကရေစီနှင့် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများကို စုစည်းဖွဲ့စည်းထားသည့် ထီးရိပ်အဖွဲ့အစည်းတခု ဖြစ်သည်။

NCUB နှင့်အတူ မြန်မာ့အဝေးရောက်အစိုးရ (NCGUB)၊ တိုင်းရင်းသား လူမျိုးများကောင်စီ (ENC)၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် (WLB)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၊ တိုင်းရင်းသား လူငယ်များ ဆုံရပ် (NYF) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)ဆိုသည့် အဖွဲ့အစည်းများဖြင့် မဟာမိတ်အဖွဲ့ ရ ဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဤဂျကာတာ အစည်းအဝေး မကျင်းပမီ သူတို့၏ အဆိုပြုချက် မိတ္တူတခုကို ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ အီဗရာဟင်ဂမ်ဘာရီ၏ ရုံးသို့ ပေးပို့ခဲ့ပြီး ဖြစ်သည်ဟု ခွန်ဥက္ကာက ပြောသည်။

ဤအဖွဲ့၏ အဆိုအရ ယခုအဆိုပြုချက်ကို မြန်မာအတိုက်အခံ အဖွဲ့အစည်းအားလုံးက ထောက်ခံအတည်ပြုခဲ့ကြပြီး၊ ကွဲပြားနေသော မြန်မာအတိုက်အခံများအကြား ပထမဦးဆုံး သဘောတူညီမှု ရခဲ့သည့် စာရွက်စာတမ်းတခု ဖြစ်သည်ဟု ဆိုသည်။

သူတို့အရင်တုန်းက လုပ်ခဲ့သလို စစ်အစိုးရက ဤအဆိုပြုချက်ကို လက်ခံပါ့မလားဟု သံသယများ ရှိနေလင့်ကစား၊ သူတို့၏ နောက်လုပ်ငန်းအစီအစဉ်မှာ သူတို့အစီအစဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ လိုက်လံရှင်းပြရေးဖြစ်သည်ဟု ခွန်ဥက္ကာက ပြောသည်။ ဤအစီအစဉ်ကို အတိုက်အခံအဖွဲ့အစည်း အားလုံးက သဘောတူပြီးဖြစ်သည်ဟုလည်း သူက ပြောသည်။

`မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကို ဖယ်ရှားလိုက်ရင် ဘောလ်ကန်နိုင်ငံတွေလို တစစီ ပြိုကွဲသွားမလားဆိုတဲ့ စိုးရိမ်ချက်မျိုးလည်း ရှိပါတယ်။ တိုင်းရင်းသားတွေဟာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကိုသာ စိတ်ဝင်စားတယ်။ ခွဲထွက်ခွင့်ကို တောင်းဆိုမှာ မဟုတ်ဘူးဆိုတာ ဒီအဆိုပြုချက်က သက်သေပြထားပါတယ်´ ဟု ခွန်ဥက္ကာက ပြောသည်။

တိုင်းပြည်တွင်း၌ အပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် သူတို့အဖွဲ့က လုပ်ကိုင်နေသည့် တချိန်ထဲမှာပင် နိုင်ငံတကာ ဖိအားကလည်း အထောက်အပံ့ပေးသည့် အပိုင်းမှ ရှိနေပြီး စစ်အစိုးရကို စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းသို့ ခေါ်ဆောင်လာနိုင်လိမ့်မည်ဟု ခွန်ဥက္ကာက ပြောသည်။

`အကယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းကသာ ဟေ့ … မင်းတို့က ဖွဲ့စည်းပုံဥပဒေကို ပြန်လည် သုံးသပ်တာ မလုပ်ဘူးဆိုရင် ဒို့က ၂ဝ၁ဝ ရွေးကောက်ပွဲကို မထောက်ခံနိုင်ဘူးလို့သာ ပြောနေမယ်ဆိုရင် ကျနော် သေချာပေါက်ပြောရဲတယ်၊ စစ်အစိုးရ ဘယ်မှဆက်သွားလို့ရမှာ မဟုတ်ဘူး´ဟု သူက ဆက်လက်ပြောဆိုသည်။

သို့သော် မြန်မာအတိုက်အခံခေါင်းဆောင် ဦးရေ ၄ဝ မှ ၅ဝ အထိနှင့် သူတို့ကို ထောက်ခံသော အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့မှ ပါလီမန်အမတ်များ တက်ရောက်ခဲ့ကြသည့် ဤဂျကာတာ အစည်းအဝေးကို တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြင့် အရှေ့တောင်အာရှတွင် အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံကပင်လျှင် နောက်ဆုတ်သွားသည့်ပုံ ရှိသည်။

Most read this week