နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာပြည်သူအား သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန်နှင့် သတင်းနှင့်စာနယ်ဇင်း လွတ်လပ်ခွင့်ကို အားပေး မြှင့်တင်နိုင်ရန် ကြိုးစားသည့် အနေနှင့် သြစတြေးလျား ရေဒီယိုမှ မြန်မာပိုင်း အစီအစဉ်တခု ထုတ်လွှင့်လိမ့်မည် ဖြစ်သည်။
သြစတြေးလျား ရေဒီယို ABC (RA) မှ စျေးကွက် မဟာဗျုဟာပညာရှင် “မတ်ခဟမ်မက်စဘာဂျာ“ က RA သည် လာမည့် ၂ လတွင် အင်္ဂလိပ်-မြန်မာ ၂ ဘာသာဖြင့် ထုတ်လွှင့်ရန် မြန်မာနိုင်ငံအတွက် အထူး အစီအစဉ်တခု တည်ထောင်ရန် ရှိသည်ဟု ယနေ့ မဇ္စျိမကို ပြောကြားသည်။
“ကျနော်တို့ လုပ်မှာကတော့ မြန်မာပြည်ကို တဆင့်ခံပြီး၊ လှိုင်းတိုရေဒီယိုလိုင်း လွှင့်မှာ ဖြစ်ပါတယ်“ ဟု ဟမ်မက်စဘာဂျာ က ပြောသည်။
“ကျနော်တို့ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကို ရည်ရွယ်တဲ့ ကျနော်တို့ရဲ့ အင်္ဂလိပ်ပို်င်း ထုတ်လွင့်မှုကို တည်ထောင်ဖို့ မျှော်လင့်ပါတယ်။ ပြီးတဲ့နောက်မှာ မြန်မာဘာသာနဲ့ လွှင့်နိုင်တဲ့ဟာကို တည်ထောင်သွားမှာပါ။ နောက် ၂ လမှာ ဖြစ်လာဖို့ မျှော်လင့်ပါတယ်“ ဟု သူက ထပ်ပြောသည်။
ရေဒီယို အစီအစဉ်သစ်သည် မြန်မာပြည်သို့ သြစတြေးလျား ရေဒီယိုမှ ထုတ်လွှင့်နေသော အစီအစဉ်များကို ပြန်လည်စတင်ရန် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို ဖြည့်ဆည်းပေးရန်အတွက် သြစတြေးလျားအစိုးရနှင့် သြစတြေးလျား အသံလွှင့်ကော်ပိုရေးရှင်းတို့၏ စတင်ခဲ့မှု၏ အစိတ်အပိုင်းတခုပင် ဖြစ်သည်ဟု ဟမ်မက်စဘာဂျာက ပြောသည်။
“ဒါဟာ အာရှနဲ့ ပစိဖိတ်က တခြားနေရာတွေမှာ ကျနော်တို့လုပ်ခဲ့သလို မြန်မာပြည်မှာ နေထိုင်တဲ့ ပြည်သူတွေဆီကို တိုးချဲ့ဖို့ ကျနော်တို့ရဲ့ အစီအစဉ်တွေအတွက် အခွင့်အလမ်းတခုပဲ ဖြစ်ပါတယ်“ ဟု ဟမ်မက်စဘာဂျာက ပြောကြားသည်။
လာမယ့်ရွေးကောက်ပွဲရဲ့ အလားအလာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းတဲ့ရက် တိုးလိုက်တာတွေ၊ နာဂစ် ဆိုင်ကလုန်းကြောင့် ပျက်စီးခဲ့ရတာတွေ အပါအဝင် မကြာသေးခင်က မြန်မာပြည်က အဖြစ်အပျက်တွေဟာ ဒေသတွင်းမှာ ကောင်းမွန်ခိုင်မာတဲ့ ဆက်သွယ်ရေးစနစ်တခု လိုအပ်နေတာကို မီးမောင်းထိုးပြလိုက်တာပါပဲဟု RA ၏ ဦးစီးအလုပ်အမှုဆောင် အရာရှိ ဟန့်ထရင်က ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
မြန်မာနိုင်ငံအတွက် အစီအစဉ်အသစ်သည် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိစ္စများအပေါ်တွင် သြစတြေးလျား၏ အမြင်နှင့် သဘောထားများကို ထုတ်လွှင့်ပေးလေ့ရှိခဲ့သည့် ABC ရေဒီယိုအနေနှင့် ဆက်စပ် လုပ်ကိုင်လိမ့်မည် ဖြစ်သည်။
“အဲဒါရဲ့ တစိတ်တပို်င်းအနေနဲ့ ကျနော်တို့ဟာ အမြင်တွေနဲ့ အင်္ဂလိပ််ဘာသာ အစီအစဉ်ရယ်၊ နောက် အင်္ဂလိပ်ဘာသာ ပါဝင်မှုတွေရယ်ကို ထုတ်လွှင့်ပေးမှာပါ။ အဲဒါဟာ မြန်မာ-အင်္ဂလိပ် အစီအစဉ်တွေ ရောနေတဲ့ တနာရီစာပဲ ဖြစ်ကောင်းဖြစ်မှာပါ“ ဟု ဟမ်မက်စဘာဂျာက ပြောသည်။
ယခုလက်ရှိတွင် ABC သည် အာရှပစိဖိတ်တလွှားတွင် ဘာသာစကား ၈ မျိုးဖြင့် ထုတ်လွှင့်လျက်ရှိသည်ဟု သူက ပြောသည်။