နယူးဒေလီ (မဇ္စျိမ) ။ ။ နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်တွင်း တရားစွဲ ခံနေရသူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြင်ဆင်ရန် စီစဉ်နေပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ကို ပြင်ဆင်ရန် ဗိသုကာ ပညာရှင်များက စတင်နေကြောင်း သိရခြင်း ဖြစ်သည်။
“အိမ်ပြင်နေတာ မှန်ပါတယ်။ အဲဒါက အခုမှ Architect (ဗိသုကာ ပညာရှင် ) ကို အပ်ထားတုန်းပဲ။ တချို့ပုံတွေ ဆွဲထားပြီးပြီ။ အားလုံး မပြီးသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် အတည်ပြုပြီးမှ ပြီးမှာ။ ဒေါ်စုက ပြင်ခိုင်းတာလေ။ ဘယ်လို၊ ဘာတွေ ပြင်မယ်ဆိုတာ မသိသေးဘူး” ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ကို ပြင်ဆင်ပေးရန် ယခုလဆန်းမှစတင်ကာ မှာကြားခဲ့သည်။
၂၀၀၈ ခု မေလဆန်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဒေါ်စု၏ နေအိမ်ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ ပျက်စီးခဲ့သည်ကို ပြုပြင်ခဲ့ပြီးနောက်၊ ယခုတဖန် နေအိမ်ကို ပြန်ပြင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
ပြန်လည်ပြုပြင်မည့် နေအိမ်တည်ရှိရာ မြေကွက်ဖြစ်သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့ ရောင်းချပြီးဖြစ်သဖြင့် ရ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့်လ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အထက်တန်းရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင်တို့က ကြေညာခဲ့သည်။
ခြံရောင်းချခြင်းသည် တရားမဝင်ကြောင်း “လွှဲအပ်ညွှန်ကြားချက်အရ” ဆိုသည့် ကန့်ကွက်စာကို အဆိုပါ ရှေ့နေ နှစ်ဦးထံ ဒေါ်အောင်ဆန်းစုကြည်က ထိုလ ၃၀ ရက်နေ့တွင် ပေးပို့ခဲ့သည်။ သို့သော် ယနေ့ထိ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
ဦးခင်မောင်အေးမှာ ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်း ဖြစ်ကြသည်။
၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးကလည်း အမွေ ရယူထိုက်သည်ဟု ဆိုကာ တရားစွဲဆိုခဲ့ဖူးသည်။