နေအိမ်ခြံဝင်း ကိစ္စအတွက် ဒေါ်စုနှင့် ရှေ့နေများ တွေ့ဆုံ

နေအိမ်ခြံဝင်း ကိစ္စအတွက် ဒေါ်စုနှင့် ရှေ့နေများ တွေ့ဆုံ
by -
ဖနိဒါ
အိမ်ခြံဝင်းအတွင်းမှ မြေကွက်တခုကို ရောင်းချမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေ ၄ ဦးနှင့် ယနေ့ မွန်းလွဲပိုင်းက ဆွေးနွေးခွင့်ရခဲ့သည်။ ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ အိမ်ခြံဝင်းအတွင်းမှ မြေကွက်တခုကို ရောင်းချမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေ ၄ ဦးနှင့် ယနေ့ မွန်းလွဲပိုင်းက ဆွေးနွေးခွင့်ရခဲ့သည်။

ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့နှင့် အင်းစိန်ထောင်အတွင်း၌ ၂ နာရီခွဲကြာ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သူမ နေထိုင်ခဲ့သည့် နေအိမ်ခြံဝင်းနှင့် သက်ဆိုင်ရာ နောက်ခံ အကြောင်းအရာများကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။

“အဓိက ခြံကိစ္စတွေပဲ ဆွေးနွေးပါတယ်။ အားလုံးချုံပြီး ဒေါ်စု ပြောတာက ဒီခြံကို သူ့မောင်လေးက ရောင်းပိုင်ခွင့် မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်ထဲကနေ ဒီလိုနာမည်ခံပြီး ရောင်းတာလည်း တရားမဝင်ဘူး။ ဒါနဲ့ ပတ်သက်ပြီး တစုံတရာ ရှိလာရင်လည်း လိုအပ်သလို ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဆက်လက် ဆောင်ရွက်မယ်လို့ပဲ ပြောတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ခြံရောင်းချခြင်းသည် တရားမဝင်ကြောင်း “လွှဲအပ်ညွှန်ကြားချက်အရ” ဆိုသည့် အထက်တန်း အမျိုးသမီးရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင် တို့ နှစ်ဦးထံ ကန့်ကွက်စာ ပို့ခဲ့သည်။ သို့သော် ယနေ့ထိ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့အား ရောင်းလိုက်ပြီးဖြစ်သဖြင့် ရ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့်လ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

ဗဟန်းမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (၄ဝ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ၊ ၄၄ စီနှင့် ၆၄ စီ) မြေဧရိယာ ၉.၂၃ မှ မခွဲမစိတ်သေးသည့် အစိတ်အပိုင်း (အလျား ၁၀၀၊  အနံ ရ၀) အကျယ်ရှိ မြေကွက်ကို ဦးခင်မောင်အေးမှ ရောင်းချပြီး ဖြစ်သဖြင့် ကန့်ကွက်နိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ဦးခင်မောင်အေးမှာ ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်း ဖြစ်ကြသည်။

၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးကလည်း အမွေရယူထိုက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွဲမှ အမေရိကန် နိုင်ငံသား မစ္စတာယက်တောသည် ယခုလ ၄ ရက်နေ့ ညပိုင်းက အင်းစိန်ထောင် အတွင်း၌ မူးလဲသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံနေရာမှ ယနေ့ သက်သာလာပြီဟု သူ၏ ရှေ့နေ ဦးခင်မောင်ဦးနှင့် နီးစပ်သူတဦးထံမှ သိရသည်။

မနက်ဖြန် မွန်းလွဲ ၂ နာရီတွင် မစ္စတာ ယက်ထောနှင့် ပတ်သက်ပြီး ဟံသာဝတီ မူးယစ်ဆေးဝါးပြတိုက်၌ စစ်အစိုးရက သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။