စားသောက်ကုန် ဓာတ်ခွဲခန်း ဆောက်ရန် ဂျပန်နှင့် ဆွေးနွေးနေ

စားသောက်ကုန် ဓာတ်ခွဲခန်း ဆောက်ရန် ဂျပန်နှင့် ဆွေးနွေးနေ
by -
မေကျော်
စားသောက်ကုန် အရည်အသွေးထိန်း ဓာတ်ခွဲခန်းတခုကို မြန်မာနိုင်ငံ စားသောက်ကုန်ထုတ် လုပ်ငန်းရှင်များအသင်းက ဂျပန် အကူအညီဖြင့် တည်ဆောက်နိုင််ရန် ညှိနှိုင်းနေသည်။

ချင်းမိုင် (မဇ္စျိမ)။     ။ စားသောက်ကုန် အရည်အသွေးထိန်း ဓာတ်ခွဲခန်းတခုကို မြန်မာနိုင်ငံ စားသောက်ကုန်ထုတ် လုပ်ငန်းရှင်များအသင်းက ဂျပန် အကူအညီဖြင့် တည်ဆောက်နိုင််ရန် ညှိနှိုင်းနေသည်။

မြန်မာစစ်အစိုးရ၏ တခုတည်းသော FDA ဓာတ်ခွဲခန်းကိုသာ အားကိုးနေရာမှ အရပ်ဘက် စားကောက်ကုန် အရည်အသွေး ထိန်းသိမ်းမည့် အစီအစဉ်ကို အစပျိုးလိုက်ခြင်း ဖြစ်သည်။

“ဂျပန်က အကူအညီနဲ့ ဆောက်ရမှာပါ။ အခု ညှိနှိုင်းနေတုန်းပါ။ ဘာမှတော့ အကောင်အထည် မပေါ်သေးဘူး။ ” ဟု စားသောက်ကုန်ထုတ် လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

FDA သည် တရက်လျှင် စမ်းသပ်မှု အကြိမ်ပေါင်း ၃၀ သာ ပြုလုပ်နိုင်သဖြင့် စားသောက်ကုန်များ အရည်အသွေး ထိန်းသိမ်းရန် အခက်အခဲရှိခဲ့သည်။

ယခုနှစ်အတွင်း FDA က ပြည်တွင်း စားကုန်များဖြစ်သည့် လက်ဖက်နှင့် ငပိ တို့ကို အဝါရောင်ဆိုးဆေး ပါရှိသည်ဟုဆိုကာ ရောင်းချခွင့် ပိတ်ပင်ပြီးနောက် စားသောက်ကုန် ထုတ်လုပ်သူများသည် ပစ္စည်းအရည်အသွေး ထိန်းချုပ်ရန် ပိုမို စိတ်ဝင်စားလာခဲ့ကြောင်းနှင့် ထုတ်ကုန် လုပ်ငန်းရှင်များတွင်လည်း အရည်အသွေးထိန်း ဓာတ်ခွဲခန်းများ မပြည့်စုံခဲ့ကြောင်း သိရသည်။

ဖြစ်ပေါ်လာမည့် အရပ်ဘက် ဓာတ်ခွဲခန်းသည် စားသောက်ကုန် အရည်အသွေး ထိန်းသိမ်းပေးခြင်း (Quality Control) အတွက်သာဖြစ်ပြီး၊ အရည်အသွေး စစ်ဆေးခြင်း (Quality Check) ကိုမူ အစိုးရ FDA ကသာ ဆက်လက်ဆောင်ရွက်မည်။

“ကျနော်တို့ဆီမှာက စစ်လိုက်လို့ မကောင်းဘူးဆိုရင် အရေးယူခံရမယ်လေ။ ပြင်ချိန်မရဘူး။ ဒါပေမဲ့ ဒီလို အပြင်ဓာတ်ခွဲခန်းတွေ ရှိလာမယ်ဆိုရင်တော့ သူတို့ထုတ်ကုန် မကောင်းဘူးဆိုရင် ပြင်ချိန်ရတယ်။ ထုတ်ကုန်ကို ပြင်ဖို့ အချိန်ရတာပေါ့။ ဒါမျိုး အကျိုးအမြတ်တော့ ဖြစ်တာပေါ့” ဟု ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ FDA မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းက မဇ္စျိမကို ပြောသည်။

“အခုထုတ်နေတဲ့ စက်ရုံတွေမှာက ဓာတ်ခွဲခန်း အပြည့်အစုံ မရှိဘူး” ဟု သူက ဆက်ပြောသည်။

စားသောက်ကုန်များကို အရည်အသွေး အာမခံချက် မပေးနိုင်သဖြင့် ပြည်ပစျေးကွက်သို့ တင်ပို့နိုင်ခြင်း မရှိဘဲ ပြည်ပရောက် မြန်မာများအတွက်သာ အနည်းငယ် တင်ပို့ရောင်းချနိုင်ကြောင်း စားသောက်ကုန်ထုတ် လုပ်ငန်းရှင် တဦးက ဆိုသည်။

ဓာတ်ခွဲခန်း ကုန်ကျစရိတ်နှင့် နည်းပညာ အခက်အခဲကြောင့် ဂျပန်နိုင်ငံမှ အကူအညီ တောင်းရခြင်း ဖြစ်ကြောင်း သိရသော်လည်း ကုန်ကျစရိတ် အသေးစိတ်ကိုမူ မသိရသေးပါ။

Most read this week