ချင်းမိုင် (မဇ္ဈိမ)။ ။ `ပိုသာစွာ တွက်ချက်ခန့်မှန်း´ ထားသလို ဖြစ်နေနိုင်သော စွမ်းအင်စီမံ ကိန်းအသစ်ကို ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ပါရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝါဒီများက ထို်င်းအစိုးရကို ပန်ကြားလိုက်သည်။ အစီရင်ခံစာသစ်အရ အဆိုပြုထားသော မဟာတာ တမံစီမံကိန်းသည် စစ်ဖြစ်ပွားနေသော မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် လူသားများထိခိုက်မှု တန်ဖိုး အများကြီးပေးရလိမ့်မည်ဟု ရေးသားထားသည်။
ဂေဟဗေဒ ပြန်လည်နာလန်ထူရေး ဖောင်ဒေးရှင်းလက်အောက်ရှိ `ဂေဟဗေဒ နာလန်ထူရေးနှင့် ဒေသတွင်း မဟာမိတ်ဖွဲ့မှုသို့´ (Towards Ecological Recovery and Regional Alliance - TERRA) စီမံကိန်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝါဒီဖြစ်သူ မွန်ထရီချန်တာဝမ် (Montree Chantawong) က မဇ္ဈိမကို ယမန်နေ့က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် တည်ဆောက်မည့် ဟတ်ကြီးနှင့် တာဆန်း ရေကာတာများအပါအဝင် ထိုင်းနိုင်ငံ၏ မကြာသေးမီက စီမံကိန်းသည် ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်အရ မလိုအပ်ကြောင်း ပြောကြားသည်။
`လေ့လာချက်အများအပြားအရ ထိုင်းနိုင်ငံမှာ တခြားရွေးချယ်စရာ စွမ်းအင်အရင်းအမြစ်တွေ ရှိပါတယ်။ လောလောဆယ် ဒီ တာတမံနှစ်ခုက လျှပ်စစ်ဓာတ်အားကို ဝယ်စရာမလိုပါဘူး။ ဘာလို့လဲဆို ကျနော်တို့မှာ လျှပ်စစ်စွမ်းအင် အရင်းအမြစ်တွေ သိပ်များနေတုန်းမို့ပါ´ ဟု သူက ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံသည် ပကတိအခြေအနေမှန်များကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အလွန်မြင့်မားစွာ သတ်မှတ်ထားခဲ့သည်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော စီးပွားရေးအကျပ်အတည်းကြောင့် အဆိုပါကိန်းဂဏန်းမှာ ပြောင်းလဲသွားနိုင်သည်ဟု မွန်ထရီက ပြောသည်။
TERRA က ထုတ်ပြန်သော ကြေညာချက်အရ ရေကာတာများ တည်ဆောက်မည့်နေရာသည် လောလောဆယ် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ခိုက်နေကြသည့် စစ်ဖြစ်ပွားနေသော ဇုန်ဖြစ်သည်။ ထိုနေရာတွင် ရေကာတာတည်ဆောက်ခြင်းဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးတက်ဖြစ်ပေါ်လာမည် ဖြစ်သည်။ ဤအချက်ကို သက်သေခံသည့်အနေနှင့် မကြာသေးခင်လများက ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် သာဆောင် ရမ်းခရိုင်တွင်းသို့ ကရင်ဒုက္ခသည် ၃၅ဝဝ အစုလိုက်အပြံုလိုက် ထွက်ပြေးလာကြသည်။
‘Shan Sapawa’ ဟူသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတခုက မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း အာရုံစိုက်လေ့လာထားသော`ဇာစ်မြစ်နှင့် ဒဏ်ခံနိုင်မှု´ (Roots and Resilience) အမည်ရှိ အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာတွင် အရှေ့တောင်အာရှနိုင်ငံ တောင်ပိုင်းရှမ်းပြည်နယ်တွင် တည်ဆောက်ရန်စီစဉ်ထားသော အမြင့်ဆုံးရေကာတာကြောင့် ရေနစ်မြုပ်သွားမည့် ဇုန်အတွင်း အခွင့်အရေးချိုးဖောက်မှုများအကြား အသက်ရှင်ရပ်တည်နိုင်ရန် ခဲယဉ်းစွာ ကြိုးပမ်းအားထုတ်နေရသော ရွာသားများအကြောင်း လေ့လာတင်ပြထားသည်ကို ရှားပါးစွာ တွေ့ရှိရသည်။
ဂေဟဗေဒအရ ထူးခြားသည့်နေရာတခုဖြစ်သော ကျိုင်းခမ်းတွင် လူပေါင်း ၁၅ဝဝဝ နေထိုင်ကြပြီး သူတို့ကို လွန်ခဲ့သော ၁ဝ နှစ်က အတင်းအကျပ် ပြောင်းရွှေ့ပစ်ခဲ့သည်။ သူတို့ထဲမှ အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ထိုနေရာတွင် ကျန်ရစ်ခဲ့သော ခန့်မှန်းခြေ လူဦးရေ ၃ဝဝဝ ခန့်မှာ သူတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း ခက်ခဲပင်ပန်းစွာ ရှာဖွေစားသောက်နေရသည်။ တာဆန်းရေကာတာ တည်ဆောက်မည်ဟု ပြောထားသည့်ကြားမှ မြန်မာစစ်တပ်က အမြဲတစေ ခြိမ်းခြောက်နေသည့်ကြားမှ ထိုသို့ မိမိတို့ဘဝကို ဖက်တွယ်ထားကြခြင်းဖြစ်သည်။
`ဒီအစီရင်ခံစာမှာ ဌာနေရှမ်းတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ မြစ်ရေနဲ့ စိုက်ပျိုးတဲ့ လယ်ယာတွေ၊ မြင့်မြတ်တဲ့ လှိုဏ်ဂူတွင်းက ဘုရားကျောင်းတွေ၊ နဂိုမူလအတိုင်းရှိ နေသေးတဲ့ ရေတံခွန်တွေ စတဲ့ ဒီအထီးကျန် စစ်မက်ဇုန်အတွင်းက အရာတွေကို ဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လျှို့ဝှက်ဖုံးကွယ်ထားတဲ့ ရေကာတာတည်ဆောက်ရေး စီမံကိန်းရဲ့ နောက်ဆုံးကိန်းဂဏန်း အချက်အလက်တွေကိုလည်း တင်ပြထားပါတယ်´ ဟု ဤအဖွဲ့၏ ကြေညာချက်တွင် ရေးသားထားသည်။
ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ကို နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းနိုင်ရေးအတွက် မြန်မာစစ်အစိုးရက ဖိအားပေးလာနေသည့်အတွက် မကြာသေးခင် လများအတွင်း ရှမ်းပြည်နယ်တွင် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်လာနေသည်။ သောင်းကျန်းသူဆန့်ကျင်ရေးနှင့် စပ်လျဉ်းသည့် လှုပ်ရှားမှုများကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း အလားတူ တိုးပွားလာနေသည်။
`အခုလို အခြေအနေက တကယ့်ကို မရေရာတဲ့အချိန်မှာ ထိုင်းနိုင်ငံက ဘာလို့များ တာဆန်း စီမံကိန်းကို အရှိန်မြှင့် လုပ်နေရတာလဲ´ ဟု Shan Sapawa ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းစိုင်းက ပြောသည်။ ဤရေကာတာသည် စစ်ဖြစ်ပွားနေသော ဇုန်အတွင်း ရှိသည်။ မြန်မာစစ်တပ်သည် ဤဒေသအတွင်းမှ ကျေးရွာသားများကို အတင်းအကျပ် မောင်းထုတ်ခဲ့၍ အများအပြားမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ အကယ်၍ တာတမံသာ ဆောက်လုပ်ခဲ့မည်ဆိုပါက သူတို့ အိမ်ပြန်နိုင်ကြတော့မည်မဟုတ်´ ဟု ပြောသည်။
ဤအငြင်းပွားဖွယ် တာတမံကို ထိုင်းနိုင်ငံက ထောက်ခံနေကြောင်း ထပ်မံပြသသည့်အနေနှင့် အမျိုးသား လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေးစီမံကိန်းတွင် ထိုစီမံကိန်းကို ထည့်သွင်းဖော်ပြထားသည်။
သံလွင်မြစ်အတွင်း တည်ဆောက်မည့် ရေကာတာ ၅ ခုအနက် တာဆန်းရေကာတာသည် အကြီးဆုံးဖြစ်ပြီး လျှပ်စစ်ဓာတ်အား မီဂါဝပ် ရ၁၁ဝ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထိုရေကာတာမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အား အများစုကို ထိုင်းနိုင်ငံသို့ ရောင်းချမည်ဖြစ်သည်။ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများတွင် Thai MDX Company, China Genzhouba Group Company တို့ ပါဝင်သည်။