နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်သူကို ဆင်းရဲတွင်းထဲ ကျစေပြီး၊ တိုင်းပြည်ကို လုံးဝ ပျက်စီးစေခဲ့သည့် နိုင်ငံရေး အရှုပ်အထွေးမှ လွတ်မြောက်နိုင်ရေးအတွက် အဆိုပြုချက် အသစ်တရပ် ရှိနေပြီဟု မြန်မာအတိုက်အခံ အဖွဲ့များက ပြောဆိုလိုက်ကြသည်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာတွင် ယခုလ ၁၂-၁၃ ရက်နေ့များတွင် ကျင်းပရန် စီစဉ်ထားသည့် အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့များ၊ ကျောင်းသား အဖွဲ့အစည်းများ စုံညီစွာ ပါဝင်မည့် မဟာမိတ် ရ ဖွဲ့က သူတို့သည် `အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆိုပြုချက်´ ဟု အမည်ပေးထားသည့် အဆိုပြုချက်ကို ဆွေးနွေး၍ အချောသတ် အတည်ပြုကြမည်ဖြစ်ပြီး၊ ဤစာတမ်းကို မြန်မာစစ်အစိုးရထံသို့ ပေးပို့မည်ဖြစ်သည်ဟု ပြောဆိုသည်။
ဤအစည်းအဝေး (ကွန်ဗင်းရှင်း) သည် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသားလူမျိုးစုများ၊ ကျောင်းသားများ၊ အမျိုးသမီးအဖွဲ့များအပါအဝင် ကျယ်ပြန့်စုံလင်လှသော အတိုက်အခံအဖွဲ့များကို စုစည်းပေးနိုင်မည်ဖြစ်ကာ ပြည်ပရောက်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ယနေ့ ပြောသည်။
''လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ အခြေအနေအရ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အရေးတကြီး လိုအပ်နေပါတယ်။ ဒီအတွက် ဒီအဆိုပြုချက်ကို တင်ပြတာပါ'' ဟု ဒေါက်တာသောင်းထွန်းက ပြောဆိုလိုက်ပြီး ဂျကာတာတွင် ကျင်းပမည့် ကွန်ဗင်းရှင်းက ဤ ''အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆိုပြုချက်'' ကို နောက်ဆုံး အတည်ပြုပေးမည်ဟုလည်း တဆက်တည်း ပြောဆိုလိုက်သည်။
ဤထူးခြားသည့် ကွန်ဖရင့်သို့ မဟာမိတ်အဖွဲ့ ရ ဖွဲ့ဖြစ်ကြသော ထီးရိပ်အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ တိုင်းရင်းသား လူမျိုးစုများကောင်စီ (ENC)၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် (WLB)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် (SYCB)၊ တိုင်းရင်းသားလူငယ််များ ဆုံရပ် (NYF)၊ မြန်မာနိုင်ငံ ဒီမိုကရေစီဖိုရမ် (FDB) တို့ တက်ရောက်ကြမည်။
အဆိုပါ အဆိုပြုချက်စာတမ်းတွင် အရပ်သားကဏ္ဍထောက်ခံမှု၊ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ စစ်တပ်မှ ထွက်ခွင့်ပြုခြင်း၊ တိုင်းရင်းသား လူမျိုးများဆက်ဆံရေး၊ လူမှုအဆောက်အအုံ စသည့် အဓိကကျသော ပြဿနာ အမြောက်အမြားကို တင်ပြထားသည်။
မြန်မာအတိုက်အခံအဖွဲ့များအပြင် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) မှ လွှတ်တော်အမတ်များလည်း ဤအစည်းအဝေးသို့ တက်ရောက်ကြမည်ဟု ဒေါက်တာသောင်းထွန်းက ပြောသည်။
''ဒီအဆိုပြုချက်ကို စစ်အစိုးရကိုရော၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ တင်ပြသွားပြမှာ ဖြစ်ပါတယ်။ ဒီကွန်ဖရင့်ဟာ တကြိမ်ထဲ ကျင်းပမယ့် အစည်းအဝေး မဟုတ်ပါဘူး၊ ဒါဟာ ဖြစ်စဉ်တရပ်အနေနဲ့ အလားတူ အစည်းအဝေးတွေကို အမေရိကန်နဲ့ ဥရောပမှာလည်း ဆက်လက်ခေါ်ယူကျင်းပသွားမှာ ဖြစ်ပါတယ်'' ဟု သူက ပြောသည်။
ပြည်ပရောက် မြန်မာအစိုးရ (NCGUB) ၏ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကလည်း အတိုက်အခံအဖွဲ့ပေါင်းစုံ ပါဝင်တက်ရောက်ကြမည့် ဤအစည်းအဝေးကြီးသည် ''သမိုင်းကိုဖန်တီးနေသည့် အစည်းအဝေး'' ဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ကြေညာချက် ထုတ်ပြန်ကာ ပြောဆိုခဲ့သည်။
''အဓိကကျတဲ့ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းတွေ အခုလို ဘုံသဘောထားတရပ် နောက်ဆုံး ချမှတ်နိုင်ခဲ့တာဟာ ၁၉၄၇ ခုနှစ်က ဖြစ်ပါတယ်။ အဲဒီမှာ ဗြိတိသျှဆီက လွတ်လပ်ရေးယူဘို့ အဖွဲ့အစည်းအားလုံး သဘောတူခဲ့ကြပါတယ်'' ဟု ဒေါက်တာစိန်ဝင်းက ပြောသည်။
''အခုလည်း တိုင်းရင်းဖြစ် ညွန့်ပေါင်းအဖွဲ့တရပ်က ပြည်တွင်းဖြစ် အာဏာလက်ကိုင်ရှိသူကို ဆန့်ကျင်တဲ့နေရာမှာ အတူတကွ လက်တွဲဆောင်ရွက်ဘို့ ပထမဆုံးအကြိမ်အဖြစ် သဘောတူညီချက်ရတာဖြစ်မှာပါ'' ဟု သူက ဆက်လက်ပြောဆိုသည်။
သို့သော် မည်သို့ပင် ဤညွန့်ပေါင်းအဖွဲ့၌ အတိုက်အခံအဖွဲ့များ စုံလင်သည်ဖြစ်စေ၊ မည်မျှ အရွယ်အစား ကြီးမားသည်ဖြစ်စေ၊ အဆိုပြုချက်က မည်မျှလက်တွေ့ကျသည်ဖြစ်စေ၊ စစ်အစိုးရက ဤအဆိုပြုချက်ကို လက်ခံပါ့မလားဆိုသည့် မေးခွန်းတရပ်မှာမူ ကျန်ရှိနေသေးသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အမှုရင်ဆိုင်နေရပြီး သြဂုတ်လ ၁၁ ရက်နေ့တွင် အမိန့်ချမှတ်တော့မည်ဖြစ်ပြီး၊ လွန်ခဲ့သော နှစ် ၂ဝ လုံးလုံးလည်း သူတို့၏ ခေါင်းမာမှုကို ပြသခဲ့သော စစ်အစိုးရသည် အတိုက်အခံများနှင့် ဆွေးနွေးလိုကြောင်း နည်းနည်းလေးမျှပင် အရိပ်အယောင်မပြခဲ့ပါ။
''စစ်အစိုးရ ဘယ်လိုတုံ့ပြန်နိုင်ဖွယ် ရှိတယ်ဆိုတာ ကျနော်တို့ စဉ်းစားထားပြီးပါပြီ။ သြဂုတ်လ ၁၁ ရက်နေ့မှာ ချမယ့် စီရင်ချက်အတွက်လည်း ကျနော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေးဆီ ရောက်လာစေမယ့် လမ်းတခုခုကိုတော့ ကျနော်တို့ စတင်ရှာဖွေသင့်ပါပြီ'' ဟု ဒေါက်တာသောင်းထွန်းက ပြောသည်။
တိုင်းပြည် ဒီမိုကရေစီစနစ်သို့ ရောက်ရှိရေး သူတို့၏ အဆင့် ရ ဆင့်ပါ လမ်းပြမြေပုံ၏ အစိတ်အပိုင်းတရပ်ဖြစ်သော အထွေထွေရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားပြီးဖြစ်သည်။ သို့သော် အတိုက်အခံများကမူ စစ်အစိုးရက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုလျှင်၊ အားလုံး ပါဝင်နိုင်ခြင်းလည်း မရှိ၊ ပွင့်လင်းမြင်သာမှုလည်း မရှိသည့်အတွက် ရွေးကောက်ပွဲနှင့် ဤဖြစ်စဉ်တရပ်လုံးသည် တရားဝင်မှု ရှိလိမ့်မဟုတ်ကြောင်း ဝေဖန်ပြောဆိုထားကြသည်။