၃၀ ရက်နေ့ ဖမ်းဆီးခံရသူအများစု ပြန်လွတ်

၃၀ ရက်နေ့ ဖမ်းဆီးခံရသူအများစု ပြန်လွတ်
by -
ဖနိဒါ
ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမည်ဟု ရုံးချိန်းပေးခဲ့သော ယခင်လ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော အန်အယ်ဒီ အဖွဲ့ဝင်အများစု ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။ အန်အယ်ဒီ အဖွဲ့ဝင်နှင့် ထောက်ခံသူ စုစုပေါင်း ၃၀ ဦးခန့်အား တရက်တာ ချုပ်နှောင်ခဲ့ ...

 
ချင်းမိုင်(မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမည်ဟု ရုံးချိန်းပေးခဲ့သော ယခင်လ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော အန်အယ်ဒီ အဖွဲ့ဝင်အများစု ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။
 
အန်အယ်ဒီ အဖွဲ့ဝင်နှင့် ထောက်ခံသူ စုစုပေါင်း ၃၀ ဦးခန့်အား တရက်တာ ချုပ်နှောင်ခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
 
ဖမ်းခံရသူများသည် ရန်ကုန်တိုင်းနှင့် မကွေးတိုင်းများမှ အများစုဖြစ်ပြီး စစ်အစိုးရ အာဏာပိုင်များ က လူထုအုံကြွမှုများ ဖြစ်လာမည်ကို စိုးရိမ်မှုများကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အန်အယ်ဒီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
 
“စကု၊ မြို့သစ်တို့ အကုန်လုံး လွတ်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ချမယ်လို့ အမှုချိန်း လိုက်တဲ့နေ့က ဖမ်းတာကိုး။ အစိုးရက သူတို့ စိတ်ထဲမှာ စိုးရိမ်မှုတွေ ရှိနေလို့ ဖမ်းတာဘဲ။ သူတို့က ပြစ်မှု တကယ်ကျူးလွန်တယ်ဆိုရင်တော့ ဘယ်လွတ်ပေးမလဲ” ဟု ဦးအုန်းကြိုင်က မဇ္စျိမသို့ ပြောသည်။
 
ရန်ကုန် ဒဂုံမြို့သစ်မှ မသက်သက်အောင်၊ တောင်ဒဂုံမြို့နယ်မှ ကိုထိန်ဝင်းနှင့် ဒေါ်ခင်ဝင်းကြည်၊ စမ်းချောင်းမြို့နယ်နေ အောင်လံအမတ် ဦးညွန့်လှိုင်၊ ဒေါ်နော်အုန်းလှ၊ မခင်မြတ်သူတို့သည် ပြီးခဲ့ သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင်  ပြန်လွတ်လာပြီဖြစ်ပြီး သာကေတမှ ကိုနေလင်းစိုးမှာမူ ယနေ့ထိ မလွတ်သေးကြောင်း အန်အယ်ဒီ ဗဟိုလူငယ်တာဝန်ခံ (၃) ကိုအေးထွန်းက ပြောသည်။
 
မကွေးတိုင်း ရေနံချောင်းမြို့နယ်မှ မြို့နယ် ဥက္ကဌ ဦးခင်ဝင်းနှင့် အဖွဲ့ဝင် ဦးမြင့်ငွေ၊ ဦးသန်းအောင်၊ ဦးတင့်လွင်။ တောင်တွင်းကြီးမှ ဦးစိုး၊ ဦးပါလေး၊ ဦးကျော်နိုင်။ မြို့သစ်မှ အန်အယ်ဒီ လွတ်တော် ကိုယ်စားလှယ် ဦးသာအောင်၊ ဦးစိုးသန်းမြင့်၊ မဇင်မမထွန်း။ စကုမြို့မှ ဦးနေမျိုးကျော်။ မင်းဘူးမှ ဦးသောင်းစိုးတို့လည်း လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဦးအုံးကြိုင်ကပြောသည်။
 
ပခုက္ကူမြို့နယ် အန်အယ်ဒီ ဥက္ကဌ ဦးပိုက်ကိုနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်မြင့်အေး၊ ကိုဌေးဝင်း၊ ကိုတင်ညွန့်တို့လည်း ၃၁ ရက်နေ့နေည ၁ဝ နာရီချိန်တွင် ပြန်လွတ်မြောက်လာပြီး ဖြစ်ကြောင်း သိရသည်။
 
“ကျနော်တို့ကို တနေရာဆီပို့တယ်။ နောက် ပြန်လိုက်ပို့ပါတယ်။ ပါတီက ထွက်လိုက်ပါလား။ ပါတီအကြောင်းတွေဘဲ မေးတယ်။ ကျနော်တို့က ရာသက်ပန် ပါတီဝင်ထားတာပါလို့။ အဓိကတော့ ခေါ်ထိန်းတဲ့ သဘောပါဘဲ” ဟု ဦးပိုက်ကိုက မဇ္စျိမသို့ ပြောသည်။
 
၄င်းတို့ ၄ဦးမှ ကိုဌေးဝင်းအား ပခုက္ကူမြို့နှင့် အခြားသူ ၃ ဦးကို ပခုက္ကူမြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ မြိုင်၊ ရေစကြို၊ ပေါက်မြို့နယ် ရဲစခန်းများ၌ ထိန်းသိမ်းခဲ့သည်ဟု သိရသည်။
 
၄င်းတို့အား ပြီးခဲ့သည့် ၃ဝ ရက်နေ့ ညက ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရဲနှင့် ကြံ့ဖွံ့များ မေးမြန်းရန် ရှိသည်ဟု ဆိုကာ ပခုက္ကူရှိ နေအိမ်များမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
 
အလားတူ အောင်လံမြို့မှ မြို့နယ် ဒုတိယ ဥက္ကဌ ဦးအေးမြင့်နှင့် စည်းအဖွဲ့ဝင် ဦးမင်းမောင်တို့ ၂ ဦးလည်း ယခင်လ ၃၁ရက်နေ့ ည ၁၂ နာရီချိန်တွင် နေအိမ်သို့ ပြန်ရောက်ခဲ့ကြောင်း ၎င်းတို့နှစ်ဦး ကိုလည်း ကိုယ်ရေးကိုယ်တာနှင့် ပါတီကိစ္စများ မေးမြန်းခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။
 
သို့သော် မကွေးတိုင်း ပွင့်ဖြူမြို့မှ အန်အယ်ဒီအား ထောက်ခံသူများဖြစ်သည့် ဦးအောင်ဝင်းနှင့် သားဖြစ်သူ ကိုသူရအောင်တို့မှာမူ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဦးအုံးကြိုင်က ပြောသည်။
 
“ကိုသူရအောင်က ရှေ့နေ ချိန်ဘာ ဆင်းလာတဲ့လူပေါ့။ ပြန်လာတဲ့ အားရက်မှာ ဆွေမျိုး အသိုင်းအဝိုင်းရဲ့ မိဘတွေက အကူအညီတောင်းလို့ သားသမီးတွေကို စာပြပေးနေတာ။ အဲဒါကို တရားမဝင် ကျူရှင်ပြမှုနဲ့ဖမ်းတယ်။ ဦးအောင်ဝင်းက အိမ်ရှင်အမှုနဲ့ ဖမ်းတယ်” ဟု သူကပြော သည်။
 
ဦးအောင်ဝင်းအား အိမ်ရှင်အဖြစ် အရေးယူထားပြီး သားဖြစ်သူ ကိုသူရအောင်အား ကျူရှင် အက်ဥပဒေဖြင့် တရားစွဲဆိုထားသည်ဟု သူက ဆက်ပြောသည်။
 
၎င်းတို့နှစ်ဦးအား ပွင့်ဖြူ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရသည်။

Most read this week