အတိုက်အခံရှေ့နေကို အာဏာပိုင်များ နှောင့်ယှက်

အတိုက်အခံရှေ့နေကို အာဏာပိုင်များ နှောင့်ယှက်
by -
မြင့်မောင်
ထောင်မှ ပြန်လွတ်လာပြီးနောက် ဝမ်းရေးအတွက် အောင်ဘာလေထီ ရောင်းချမှု မလုပ်နိုင်အောင် အာဏာပိုင်များက နှောင့်ယှက်ထားသည်ဟု ပဲခူးမြို့မှ ရှေ့နေ ကိုညီညီထွေးက ပြော ...

 
နယူးဒေလီ (မဇ္စျိမ)။     ။ ထောင်မှ ပြန်လွတ်လာပြီးနောက် ဝမ်းရေးအတွက် အောင်ဘာလေထီ ရောင်းချမှု မလုပ်နိုင်အောင် အာဏာပိုင်များက နှောင့်ယှက်ထားသည်ဟု ပဲခူးမြို့မှ ရှေ့နေ ကိုညီညီထွေးက ပြောသည်။
 
အကျဉ်းချပြီး ရှေ့နေလိုင်စင်ပါ အသိမ်းခံရသည့် အသက် ၃၃ နှစ်အရွယ် ကိုညီညီထွေးသည် အောင်ဘာလေထီ လက်လီ ရောင်းချနေရာ ထီဆိုင်များ အနေဖြင့် သူ့ကို အကြွေးမပေးရန်နှင့် ထီရောင်းကား မငှားရမ်းရန် ဒေသအာဏာပိုင်များက လိုက်လံပိတ်ပင်မှုများ ရှိနေသည်ဟုဆိုသည်။
 
“လိုင်စင် သိမ်းခံထားရတယ်ဆိုတော့ ကျနော့်အတတ်ပညာနဲ့ ဘာမှလုပ်စားလို့ မရဘူး။ စီးပွားရေးလုပ်ငန်းက ကျနော့်မှာ ခိုင်ခိုင်မာမာ မရှိဘူး။ ကျနော့်အမျိုးသမီးက ထီရောင်းတယ်။ အရင်းအနှီး မရှိတော့ ကိုယ်ရင်းနှီးတဲ့ သူငယ်ချင်းတွေဆီကနေ အကြွေးစနစ်နဲ့ ယူရောင်းရတယ်။ ကားကိုလည်း ပုံသေငှားရမ်းလို့ မရအောင် နောက်ကနေ လိုက်ပိတ်နေတယ်” ဟု ကိုညီညီထွေးက မဇ္ဈိမကို ပြောသည်။
 
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းသူ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အန်အယ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအဝင် ၃ ဦးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင် တရားခွင်တွင် ခုခံကာကွယ်ပေးနေရင်း ရုံးတော်ကို မထီမဲ့မြင်မှုဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၆လ ချခံခဲ့ရသည်။
 
အမှုစစ်နေစဉ် သူ၏ အမှုသည်များက ကျောခိုင်းထိုင်နေသည်ကို တရားသူကြီးက သူမှတဆင့် ပြင်ထိုင်ခိုင်းရာ တရားခွင်အတွင်း အမှုသည်များအနေဖြင့် စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသဖြင့် တရားစီရင်ရေးကို နှောင့်ယှက်သည်ဟုဆိုကာ ပုဒ်မ ၂၈၈ ဖြင့် ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။
 
ပြစ်ဒဏ်ချပြီး ရက် ၂၀ ခန့်အကြာတွင် ရှေ့နေလိုင်စင်ပါ အသိမ်းခံလိုက်ရပြီး၊ လွတ်ရက်စေ့သဖြင့် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လွတ်လာခဲ့သည်။

Most read this week