အမှုကို ခန့်မှန်းပြောခြင်းသည် `တရားရုံးကို မထေမဲ့မြင်ပြုမှု´ ဟု မြန်မာ့အလင်းတွင် ဖော်ပြ

အမှုကို ခန့်မှန်းပြောခြင်းသည် `တရားရုံးကို မထေမဲ့မြင်ပြုမှု´ ဟု မြန်မာ့အလင်းတွင် ဖော်ပြ
by -
မုံပီး
ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိမ့်မည်ဟု ကျယ်ပြန့်စွာ ခန့်မှန်း ပြောဆိုနေချိန်တွင် စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာက တရားရုံး၏ စီရင်ချက်ကို ခန့်မှန်းပြောဆိုခြင်းသည် `တရားရုံးအား မထေမဲ့မြင်ပြုမှု´ မြောက်သည် ...

 
နယူးဒေလီ (မဇ္ဈိမ) ။     ။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိမ့်မည်ဟု ကျယ်ပြန့်စွာ ခန့်မှန်း ပြောဆိုနေချိန်တွင် စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာက တရားရုံး၏ စီရင်ချက်ကို ခန့်မှန်းပြောဆိုခြင်းသည် `တရားရုံးအား မထေမဲ့မြင်ပြုမှု´ မြောက်သည်ဟု သတိပေး ရေးသားလိုက်သည်။
 
မြန်မာ့အလင်း သတင်းစာ၏ သုံးသပ်ချက် ဆောင်းပါးတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သူနှင့်အတူနေ ပါတီဝင်အမျိုးသမီးနှစ်ဦး၊ ဂျွန်ဝီလျံယက်တောသည် ဥပဒေချိုးဖောက်သဖြင့် တရားစွဲခံရကြောင်း ထောက်ခံ ရေးသားထားသည်။ အဆိုပါ အမေရိကန်နိုင်ငံသားသည် အင်းယားကန်ကိုဖြတ်၍ ရေကူးကာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။
 
`ဥပဒေချိုးဖောက်သူ မည်သူ့ကိုမဆို အမှုကိုရင်ဆိုင်စေရမည်ဖြစ်ပြီး တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်´ ဟု သတင်းစာက စွဲချက်များနှင့် တရားရုံးတင် စစ်ဆေးနေခြင်းတို့မှာ မှန်ကန်ကြောင်း ထောက်ခံရေးသားသည်။
 
အင်္ဂါနေ့က တရားခံရှေ့နေများ၏ နောက်ဆုံးလျှောက်လဲချက်ကို ကြားနာအပြီးတွင် ၂ လကျော်ကြာ ရုံးတင်စစ်ဆေးမှု ပြီးဆုံးသွားပြီဖြစ်သည်။ ယခုအခါ လာမည့်သောကြာနေ့တွင် တရားရုံးက အမိန့်ချမှတ်မည်ကို စောင့်ဆိုင်းနေကြသည်။
 
ဥပဒေအရပြောလျှင် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း တရားစစ်ဆေးမှုက သက်သေပြခဲ့ပြီး ဖြစ်သည်၊ သူမကို အပြစ်ပေးရန်လုံလောက်သော အကြောင်းအချက်လည်းမရှိဟု ဒေါ်စု၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက အင်္ဂါနေ့က မဇ္ဈိမကို ပြောကြားခဲ့သည်။ သို့သော် တရားရုံးမှ မည်သည့်ရလဒ် ထွက်ပေါ်လာမည်ကို သဘောထားမှတ်ချက်ပေးရန်မူ သူက ငြင်းဆိုခဲ့သည်။
 
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးတန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင် အပါအဝင် အကဲခတ် အများအပြားကမူ တရားရုံးက သူမကို`အပြစ်ရှိကြောင်း` ဆုံးဖြတ်၍ ထောက်ဒဏ်အပြစ်ပေးလိမ့်မည်သာ ဖြစ်သည်ဟု ပြောဆိုကြသည်။
 
ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာကမူ ထိုသို့ ဝေဖန်ပြောကြားမှုများနှင့်ပတ်သက်၍ `တရားရုံးက အမှုစစ်ဆေးစီရင်နေမှုကို ဘက်လိုက်ရေးသားခြင်း၊ မည်သည့်ဘက်ကနိုင်၍ မည်သည့်ဘက်က ရှုံးမည်ဟုရေးသားခြင်း၊ တရားခံအပေါ် ပြစ်ဒဏ်ချမှတ်မှုနှင့် စပ်လျဉ်း၍ ခန့်မှန်းရေးသားခြင်း၊ တရားသူကြီး၏ စီရင်ချက်အပေါ် ညွှန်ကြားသည့် သဘောပါသည့် အရေးအသားမျိုး ရေးသားခြင်းတို့သည် တရားရုံးကို မထေမဲ့မြင်ပြုရာ ရောက်သည်ဟု သတိပေးရေးသားထားသည်။
 
သို့သော် ဦးဝင်းတင်ကမူ တရားစစ်ဆေးစီရင်မှု ကိုယ်တိုင်ကပင် တရားမျှတမှုမရှိကြောင်းနှင့် ဒီမိုကရေစီခေါင်းဆောင်ကို စွဲချက်တင်ရန်ပင် မည်သည့်အကြောင်းမျှ မရှိကြောင်း ပြောသည်။ ထို့အပြင်  လူစိမ်းတဦး သူမအိမ်အတွင်းသို့ အတင်းဝင်ရောက်လာသည်မှာ သူမ၏ အပြစ်မဟုတ်ကြောင်းနှင့် သူ့ကို သူမက ဖိတ်ကြားခဲ့ခြင်း မဟုတ်ကြောင်း ပြောဆိုသည်။
 
မြန်မာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို ရုံးတင်တရားစစ်ဆေးရာတွင် တရားရုံးအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ၊ ဒေါ်စုဘက်က သက်သေ ၄ ဦး တင်သည်ကို ၂ ဦးသာခွင့်ပြုခဲ့ပြီး၊ တရားလိုဘက်ကိုမူ သက်သေအမြောက်အမြား တင်သွင်းခွင့်ပြုခဲ့ကြောင်း ထောက်ပြပြီး ဦးဝင်းတင်က ပြောဆိုခဲ့သည်။
 
ရုံးတင်စစ်ဆေးမှု၏ နောက်ဆုံးအဆင့်တွင် နှစ်ဖက်ရှေ့နေများက နောက်ဆုံး လျှောက်လဲချက်များ တင်သွင်းရာ၌ ဒေါ်စု၏ ရှေ့နေများဘက်က လျှောက်လဲချက်တင်အပြီး ၂ ရက်ခွာ၍ တရားလိုဘက်ကို နောက်ဆုံး လျှောက်လဲချက် တင်သွင်းခွင့်ပြုခဲ့သည်ကို ကြည့်ခြင်းဖြင့် တရားရုံးက သူတို့၏ ဘက်လိုက်မှုကို ပြသခဲ့ကြောင်းဖြင့် သူက ဆိုသည်။
 
`ဒေါ်စုကိုယ်တိုင်က အခုလို ဒီဘက်နဲ့ ဟိုဘက် နောက်ဆုံး လျှောက်လဲချက်ပေးတာကို ၂ ရက်ခွာထားတာနဲ့ ပတ်သက်လို့ သူ မကျေနပ်ဘူးဆိုတာကို သူ့ရှေ့နေကို ပြောခဲ့ပါတယ်´ ဟု ဦးဝင်းတင်က ပြောသည်။
 
ရုံးတင်စစ်ဆေးမှုကို မေလ ၁၈ ရက်နေ့ကတည်းက စတင်ခဲ့ပြီး ဤအမှုကို လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ ကမ္ဘာ့ခေါင်းဆောင်များ၊ ကျော်ကြားထင်ရှားသော ပုဂ္ဂိုလ်များက စိတ်ဝင်တစား စောင့်ကြည့်လေ့လာခဲ့ကြပြီး သူမကို မြန်မာနိုင်ငံရှိ အခြား နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ချက်ချင်း လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
 
အမှုရင်ဆိုင်နေစဉ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ပြောဆိုမှုသည် တရားရုံးကို မထေမဲ့မြင်ပြုရာ ရောက်ကြောင်းလည်း ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရအာဘော် ဝေဖန်သုံးသပ်ချက်က တိုက်ခိုက်ပြောဆိုသည်။
 
ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း ပေါ်ပေါက်လျှင် လွှတ်ပေးမည်သာဖြစ်သည်ဟု သတင်းစာက ရေးသားထားသော်လည်း စစ်အစိုးရသည် သူမကို ဆက်လက် ချုပ်နှောင်ထားရန် အားလုံး ပြင်ဆင်ပြီးဖြစ်သည်မှာ ထင်ရှားလှသည်ဟု ဦးဝင်းတင်က ပြောသည်။
 
`ကျနော့်အမြင်အရတော့ စစ်အစိုးရက ဘာပဲဖြစ်ဖြစ် ဒေါ်စုကို ဆက်လက်ထိန်းသိမ်းထားဖို့ အကုန်လုံး ပြင်ဆင်ထားတယ်လို့ပဲ မြင်တယ်။ ဒါပေမဲ့ ဖိအားတွေ သိပ်များလာရင်တော့ သူတို့ နည်းနည်း အချိန်ဆွဲချင် ဆွဲမှာပေါ့ဗျာ´ ဟု သူက ပြောသည်။
 
ဤအမှုအပေါ် နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများ များပြားလာလျှင် အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးသည် သူမအပေါ် ကြီးလေးသော ပြစ်ဒဏ်ပေးဖွယ်မရှိဟု သူက ဆက်လက်ပြောဆိုလိုက်သည်။
 
`ဒါပေမဲ့ တရားလိုဘက်က အထက်ရုံးကို တက်အယူခံပြီး ပြစ်ဒဏ်ချဘို့ ဆက်လုပ်မှာပဲ´ ဟု သူက ဆက်လက်ပြောဆိုသည်။
 
စစ်အစိုးရအနေဖြင့် ဖိအားများ လျော့ကျသွားစေရေးအတွက် သူမကို လောလောဆယ် အင်းစိန်ထောင်ရှိ တရားရုံးက ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်စေမည်မဟုတ်ကြောင်းနှင့် သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ တရားသေ လွှတ်မည်ဟုတော့ မဆိုလိုကြောင်း သူက ပြောသည်။
 
´ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ သူမကို ထိန်းသိမ်းထားဦးမှာပဲ´ ဟု သူက ဆက်လက်ပြောဆိုသည်။
 
ဤသို့ ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာက ဝေဖန်သုံးသပ်ချက်ကို ဖော်ပြလိုက်ခြင်းသည် စစ်အစိုးရအနေဖြင့် အတိုက်အခံ ခေါင်းဆောင်များကို နှိမ်နင်းမည့် သူတို့၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆို သတိပေးလိုက်ခြင်းဖြစ်ကြောင်း သူက ပြောသည်။ အတိုက်အခံ ခေါင်းဆောင်များက တရားစစ်ဆေးစီရင်မှုကို ဝေဖန်ပြောဆိုခဲ့ကြပြီး စစ်အစိုးရ၏ ဖြစ်နိုင်ဖွယ်ရှိသော အစီအစဉ်များနှင့် ပတ်သက်၍လည်း ခန့်မှန်းပြောဆိုခဲ့ကြသည်။

Most read this week