မြန်မာပြည်မှာ A (H1N1) ရောဂါပိုးရှိသူ ၉ ဦး ရှိပြီဟု စစ်အစိုးရ ပြောဆို

မြန်မာပြည်မှာ A (H1N1) ရောဂါပိုးရှိသူ ၉ ဦး ရှိပြီဟု စစ်အစိုးရ ပြောဆို
မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါ ဖြစ်ပွားသည့် လူနာ ၂ ဦး ထပ်မံ တွေ့ရှိသဖြင့် ရောဂါဖြစ်ပွားသူ ၉ ဦး ရှိသွားပြီ ဖြစ်သည်။ ထပ်မံ တွေ့ရှိသူများသည် ယခုလ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံမှ ပြန်ရောက်လာသူ ၂၃ နှစ်အရွယ် အမျိုးသမီးတဦး ...

 
ချင်းမိုင် ။     ။ မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါ ဖြစ်ပွားသည့် လူနာ ၂ ဦး ထပ်မံ တွေ့ရှိသဖြင့် ရောဂါဖြစ်ပွားသူ ၉ ဦး ရှိသွားပြီ ဖြစ်သည်။
 
ထပ်မံ တွေ့ရှိသူများသည် ယခုလ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံမှ ပြန်ရောက်လာသူ ၂၃ နှစ်အရွယ် အမျိုးသမီးတဦးနှင့် မလေးရှားနိုင်ငံမှ ယခုလ ၂၇ ရက်နေ့တွင် ပြန်ရောက်လာသူ ၃၃ နှစ်အရွယ် အမျိုးသားတဦးတို့ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြခြင်း ဖြစ်သည်။
 
ရောဂါတွေ့ရှိသည့် အမျိုးသမီးသည် ခရီးစဉ်အမှတ် TG-303 ဖြင့် ထိုင်းနိုင်ငံမှတဆင့် ရောက်ရှိလာသူဖြစ်ပြီး၊ အမျိုးသားမှာမူ ခရီးစဉ်အမှတ် 8M-502 ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ရေးသားထားသည်။
 
အမျိုးသမီးလူနာအား ယခုလ ၂၇ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မိသားစုဝင် ၅ ဦးအား နေအိမ်၌ပင် “စောင့်ကြပ်ကြည့်ရှုခြင်း” ဆောင်ရွက်နေကြောင်းနှင့် သူမနှင့်အတူ စီးနင်းလိုက်ပါလာသော ခရီးသည် ၁၂၈ ဦးကိုလည်း ၎င်းတို့နေထိုင်ရာ နေရာများတွင် စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း ဆိုထားသည်။
 
အမျိုးသားလူနာကို ယခုလ ၂၇ ရက်နေ့၌ပင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ပြီဖြစ်ပြီး လူနာနှင့်အတူနေသည့် မိသားစု ဝင် ၂ ဦးအား နေအိမ်၌ “စောင့်ကြပ်ကြည့်ရှုခြင်း” ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အမျိုးသားလူနာနှင့် အတူစီးနင်းလိုက်ပါလာသော ခရီးသည် ၉၄ ဦးကိုလည်း ၎င်းတို့နေထိုင်ရာ နေရာများတွင် “သက်ဆိုင်ရာ” က စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သတင်း၌ ဖော်ပြသည်။
 
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ယင်းရောဂါ ကူးစက်ခံရသူသည် စင်္ကာပူနိုင်ငံမှ ပြန်ရောက်လာသည့် ၁၃ နှစ်အရွယ် မိန်းကလေး ဖြစ်ကြောင်း ပြီးခဲ့သည့်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းတွင် ဖော်ပြခဲ့သည်။
 
သို့သော် အဆိုပါ လေယာဉ်များ ဆင်းသက်ရာ ရန်ကုန်လေဆိပ်ဝန်ထမ်းများ၏ အခြေအနေနှင့် ၎င်းတို့အား မည်သို့ဆောင်ရွက်ထားသည်ကိုမူ ယနေ့ သတင်းစာက တစုံတရာ ဖော်ပြထားခြင်း မရှိပေ။
 
ယနေ့အထိ A (H1N1) ပိုးဟု သံသယရှိသူ ၉၉ ဦးအား စမ်းသပ်စစ်ဆေးခဲ့ရာ ၉ ဦးကို ပိုးရှိကြောင်း တွေ့ရှိရခြင်းဖြစ်ပြီး၊ ၎င်းတို့အနက် ၄ ဦးမှာ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့် ပေးလိုက်ကာ၊ ၅ ဦးကို အထူးကု ဆရာဝန်ကြီးများဖြင့် ဆက်လက် ပြုစုစောင့်ရှောက်လျက်ရှိကြောင်း မြန်မာ့အလင်းက ဖော်ပြသည်။
 
ရန်ကုန်လေဆိပ် အပါအဝင် နယ်စပ် အဝင်အထွက် အပေါက်များ၌ စစ်ဆေးရေးဌာနများ ဖွင့်လှစ်ထားသည်ဟု စစ်အစိုးရ သတင်းစာများက ရေးသားကြသော်လည်း နယ်စပ် ထွက်ပေါက်များတွင် တရားမဝင် ဝင်ထွက်နေသူများလည်း ရှိနေသောကြောင့် လူအများကမူ ယင်းအစီအစဉ်ကို သံသယဖြစ်နေကြသည်။

Most read this week