စည်းကမ်း မလိုက်နာသည့် လမ်းဘေးစျေးသည်များ အဖမ်းခံရမည်

စည်းကမ်း မလိုက်နာသည့် လမ်းဘေးစျေးသည်များ အဖမ်းခံရမည်
by -
မေကျော်
စည်းကမ်းမလိုက်နာသည့် လမ်းဘေးစျေးသည်များကို အောက်တိုဘာလ နောက်ပိုင်းမှ စတင်ကာ ဖမ်းဆီးမည်ဟု ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောသည်။ ယခုလ ၂၂ ရက်နေ့က ပြည်တွင်းသတင်းဂျာနယ်များနှင့် တွေ့ဆုံရာ၌ ရန်ကုန်မြို့တွင်း လမ်းဘေးစျေးသည်များ ...

 
ချင်းမိုင် (မဇ္စျိမ)။     ။ စည်းကမ်းမလိုက်နာသည့် လမ်းဘေးစျေးသည်များကို အောက်တိုဘာလ နောက်ပိုင်းမှ စတင်ကာ ဖမ်းဆီးမည်ဟု ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောသည်။
 
ယခုလ ၂၂ ရက်နေ့က ပြည်တွင်းသတင်းဂျာနယ်များနှင့် တွေ့ဆုံရာ၌ ရန်ကုန်မြို့တွင်း လမ်းဘေးစျေးသည်များကို ယခုနှစ် သြဂုတ်မှ အောက်တိုဘာအထိ လမ်းဘေးတွင် သတ်မှတ်ချိန်အတိုင်း ရောင်းချရန် ပညာပေး ကာလအဖြစ် ကြပ်မတ်ပြီး၊ နောက်ပိုင်း၌ စည်းကမ်းချိုးဖောက်လျှင် ဖမ်းဆီးအပြစ်ပေးမည်ဟု ပြောဆိုကြောင်း ရန်ကုန် စည်ပင် အသိုင်းအဝိုင်းထံမှ သိရခြင်း ဖြစ်သည်။
 
စည်းကမ်းချိုးဖောက်သူများထံမှ ပစ္စည်းများ သိမ်းဆည်းမည့်အပြင် ထောင်ဒဏ် ၃ လအထိ အရေးယူမည်ဟု သူက ပြောသော်လည်း စည်းကမ်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့သလို၊ စည်ပင် စျေးများဌာနသို့ ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်းဖြင့် မဖြေကြားနိုင်ကြောင်း တာဝန်ကျ ဝန်ထမ်းက ပြောသည်။
 
လမ်းဘေးစျေးသည်များအနေဖြင့် ဆိုင်ဖွင့်လိုသည့် နေရာအတွက် မြို့တော်စည်ပင်သို့ အဖိုးအခကို နှစ်စဉ် ပေးသွင်းကာ ရာသီပေါ်သီးနှံအစ လူသုံးကုန်ပစ္စည်းများအဆုံး ရောင်းချနေကြခြင်း ဖြစ်သည်။
 
ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် စျေးရောင်းချလိုသူများမှာ ဆိုင်နေရာအတွက် တနှစ်စာ ကျပ် ရ သိန်းခန့် စည်ပင်သို့ ပေးသွင်းရပြီး၊ စျေးအကောက်ခွန်အနေဖြင့် တရက်လျှင် ၂ဝဝ ကျပ်ပေးဆောင်ရကြောင်း လမ်းဘေးဆိုင်များက ဆိုသည်။
 
ထို့အပြင် ယခုလ ၁၉ ရက်နေ့မှစ၍ မြို့လယ်တွင် လူစည်ကားသည့် ကျောက်တံတားမြို့နယ်ရှိ ဆိပ်ကမ်းသာလမ်းတလျှောက် လမ်းဘေးစျေးသည်များကို ယင်းနှင့် ကပ်လျက် ၃၉ လမ်းသို့ ပြောင်းရွှေ့ရောင်းချစေခဲ့ပြီး ဆိုင်ခန်းတနေရာ အတွက် ငွေကျပ် ၃ သောင်း ထပ်မံ ကောက်ခံခဲ့ကြောင်း သိရသည်။
 
“ဆိုင်ခန်း တနေရာကို ၃ သောင်း ပေးရတယ်။ စျေးတာဝန်ခံကို ပေးရတာပါ” ဟု ၃၈ လမ်းစျေးမှ စျေးသည်တဦးက ဆိုသည်။
 
၂ဝဝ၈ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့တော်အတွင်း လမ်းဘေးစျေးသည် အားလုံးကို မရောင်းချရန် စည်းကမ်းသတ်မှတ်ကာ လိုက်လံဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ရက်သတ္တ ၂ ပတ်ခန့်နောက်ပိုင်း မူလအတိုင်း ပြန်လည်ရောင်းချခဲ့သည်။
 
ရန်ကုန်မြို့တော်တွင် သတ်မှတ်မြို့နယ်အလိုက် စျေးများရှိနေသော်လည်း လူသွားလူလာများသည့် လမ်းတိုင်းလိုလို လမ်းဘေးစျေးသည်များ ရှိနေဆဲဖြစ်သည်။

Most read this week