မဇ္စျိမ (ချင်းမိုင်)။ ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI က အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမှန်တရားနှင့် လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကိုယ်စားပြုသူ တဦးအဖြစ် ယနေ့ ဂုဏ်ပြုဆု ပေးအပ်လိုက်သည်။
AI ၏ အမြင့်ဆုံးဆုတခုဖြစ်သော Ambassador of Conscience ဆုကို ၂၀၀၉ ခုအတွက် ပေးအပ်ခြင်းဖြစ်သည်။
AI အထွေထွေအတွင်းရေးမှူး Irene Khan က အကျဉ်းကျနေသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာအတွက် အားကျဖွယ်၊ အတုယူဖွယ် ခေါင်းဆောင်တဦးဖြစ်ကြောင်း ပြောသည်။
“နှစ်ကာလတွေရှည်ကြာပြီး များသောအားဖြင့် အခက်အခဲ၊ အတားအဆီးများကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ချက်များ၊ ယုံကြည်မှုနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့နေရာမှာ မြန်မာနိုင်ငံသားတွေအတွက်သာမက တကမ္ဘာလုံးအတွက် အတုယူစရာ သင်္ကေတ တခုဖြစ်ပါတယ်” ဟု သူက ပြောကြားကြောင်း အေအက်ပီ သတင်းတွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ၁၄ နှစ်ကျော်မှာ ဖမ်းဆီး၊ ထိန်းသိမ်းခြင်း ခံရသူ ဖြစ်သည်။
သူမ လွတ်မြောက်ရေးအတွက် ဖျော်ဖြေရေးအစီအစဉ်များ လုပ်လေ့ရှိသည့် အိုင်ယာလန် တေးဂီတအဖွဲ့ဖြစ်သော U2 တေးဂီတ အဖွဲ့က ယနေ့ည အိုင်ယာလန်နိုင်ငံ ဒဗ်လင်မြို့ရှိ Croke Park အားကစားရုံကြီးတွင် ကျင်းပမည့် ၎င်းတို့၏ တေးဂီတပွဲမှတဆင့် တရားဝင် ကြေညာပေးမည်ဖြစ်သည်။
U2 အဖွဲ့သည် ၂၀၀၅ ခုနှစ်အတွက် AI ကပေးသည့် Ambassador of Conscience ဆုရရှိထားသည့် အဖွဲ့လည်း ဖြစ်သည်။
ဆုကို ၂၀၀၃ ခုနှစ်တွင် စတင်ပေးအပ်လာခြင်းဖြစ်ပြီး၊ ယင်းနှစ်အတွက် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလဗ် ဟာဗေးက ရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စုစုပေါင်း ရ ကြိမ် ပေးအပ်ခဲ့ပြီးဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မေရီရောဘင်ဆန်နှင့် ဂွာတီမာလာနိုင်ငံ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Hilda Morales Trujillo တို့နှစ်ဦးကို ၂၀၀၄ ခုနှစ်အတွက် ပူးတွဲချီးမြှင့်ခဲ့သည်။
၂၀၀၆ ခုနှစ်အတွက် တောင်အာဖရိက လူဖြူလူမဲ တိုက်ဖျက်ရေးခေါင်းဆောင် နယ်ဆန်မန်ဒဲလား၊ ၂၀၀၈ ခုနှစ်အတွက် ဂီတပညာရှင် Peter Gabriel ကို ပေးအပ်ခဲ့သည်။
Published
Monday, July 27, 2009 - 20:35
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI က အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမှန်တရားနှင့် လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကိုယ်စားပြုသူ တဦးအဖြစ် ယနေ့ ဂုဏ်ပြုဆု ပေးအပ် ...