နာရေးကူညီမှု အသင်းရုံး ပြောင်းရွှေ့ပြီ

နာရေးကူညီမှု အသင်းရုံး ပြောင်းရွှေ့ပြီ
by -
ဖနိဒါ
သုခဆေးခန်းနှင့် နာရေးကူညီမှုအသင်းရုံးကို သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ယမန်နေ့က ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ကြောင်း အသင်းဥက္ကဋ္ဌက ပြောသည်။ မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်းပိုင် မြေ ၂ ဧကပေါ်တွင်  ကျပ်သိန်း ၂ ထောင်ခန့် ကုန်ကျ ...

 
ချင်းမိုင် (မဇ္ဈိမ)။     ။ သုခဆေးခန်းနှင့် နာရေးကူညီမှုအသင်းရုံးကို သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ယမန်နေ့က ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ကြောင်း အသင်းဥက္ကဋ္ဌက ပြောသည်။
 
မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်းပိုင် မြေ ၂ ဧကပေါ်တွင်  ကျပ်သိန်း ၂ ထောင်ခန့် ကုန်ကျသည့် နှစ်ထပ်ဆေးခန်းတခုသာ တည်ဆောက်နိုင်သေးသော်လည်း ဖွင့်ပွဲကိုမူ ပြုလုပ်နိုင်ခဲ့သည်။
 
“မနေ့က ရုံးပိတ်ရက်ဖြစ်တယ်။ အာဇာနည်နေ့ဟာ မှတ်ရတာလည်း လွယ်တယ်။ မြန်မာပြက္ခဒိန်မှာ ဆိုလည်း ရက်ရာဇာဆိုတော့ ဖွင့်ပွဲလုပ်လို့ ကောင်းတယ်။ ဆေးခန်းက သင်္ကန်းကျွန်းကနေ ပြောင်းတာတော့ကြာပြီ၊ ၁၀ ရက်ကျော်ပြီ်။ ဆက်ကုထားတဲ့ လူနာတွေကို အမြန်ဆုံး ပြန်ကုနိုင်ဖို့အတွက် အမြန်ဆုံး ဖွင့်လိုက်တာ။ ဖွင့်ရက်ကို သတိတရရှိဖို့ဆိုပြီး လုပ်လိုက်တာ” ဟု အသင်း ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံကျော် ရုပ်ရှင်မင်းသား ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
 
ယနေ့မှ စတင်ကာ မျက်စေ့၊ ကလေးအထူးကု၊ အရိုးအကြော၊ သားဖွားနဲ့ မီးယပ်၊ အရေပြားဆိုင်ရာ ဆရာဝန်များ၊ အထွေထွေ ဆရာဝန်များရှိသည့် အဆိုပါ ဆေးခန်းသို့ လူနာပေါင်း ၂၀၀ ခန့် လာရောက်၍ ကုသမှုခံယူနေကြောင်း သိရသည်။
 
ဦးကျော်သူက “လူနာကူညီမှုကတော့ အရင်ကထက် ပိုများလာတယ်။ လူနာသဂြိင်္ုဟ်ပေးရတဲ့ ဦးရေလည်း ပိုများလာတယ်။ အရင်တုန်းကဆို တရက်ကို ၃၀၊ ၃၅ ယောက်လောက် သဂြိင်္ုဟ်ပေးရတယ်။ အခုတော့ ၄၀ ကျော်၊ ၅၀ လောက် ရှိလာတယ်။ လူနာက တရက်ကို ၁၂၀ လောက်လာတာ။ အခု ၂၀၀ ဖြစ်လာတယ်ဆိုတော့ များလာတယ်လို့ ပြောရမယ်” ဟု ပြောသည်။
 
သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ပါရဂူဘွဲ့ရ ဆရာဝန် ဦးရေ ၃၀ ခန့်နှင့်အတူ သူနာပြု ၉ ဦးက အခမဲ့ ပညာအလှူပြု ကုသပေးနေခြင်း ဖြစ်သည်။
 
လက်ရှိ မြေကွက်အောက်တွင် မြေသား မရှိသည့်အတွက် သန့်ရှင်းမှု ရှိစေရန် လူသွားလမ်းအတွက် သဲဖြူခင်း ပေးထားသည်။
 
နေရာအသစ်အတွက် ရရှိသည့်မြေမှာ ပလတ်စတစ်အမှိုက်ပုံ ဖြစ်နေပြီး အောက်ခံမြေသား မရှိသောကြောင့် အရိပ်ရအပင်များ စိုက်ပျိုးထားသော်လည်း မအောင်မြင်သဖြင့် နွေရာသီအတွက် စိုးရိမ်နေရကြောင်း သိရသည်။
 
“ပေ ၂၀ လောက်တူးမှ မြေကြီး မတွေ့သေးဘူး။ မိုးတွင်းဆိုတော့ လောလောဆယ် သဲအပေါ်ကနေ ခင်းထားတယ်။ နွေဆိုရင်လည်း ဒုက္ခရောက်လိမ့်မယ်။ ပလပ်စတစ်ကနေ ထွက်တဲ့ Gas ပေါ့လေ။ အပူနဲ့ ဒီလို Gas တွေက သာမန်လူတွေအတွက်လည်း မကောင်းသလို လူနာတွေအတွက်လည်း မကောင်းနိုင်ဘူးလေ။ ဒါကြောင့် ဆေးခန်းအဆောက်အအုံအောက်မှာ Gas ထွက်ဖို့အတွက် ပိုက်လိုင်းတွေတော့ သွင်းထားရတာပေါ့လေ” ဟု ဦးကျော်သူက ပြောသည်။
 
မြောက်ဒဂုံရှိ သုခဆေးခန်းသည် မီးလိုင်းတလိုင်းသာ ရရှိထားကာ မီးပျက်မှု များသောကြောင့် မီးစက်ကိုသာ အားထားနေရပြီး၊ ရေသွယ်တန်းနိုင်ရန်လည်း အစိုးရရေပိုက်လိုင်းများ မရရှိသေးသဖြင့် အဝိစိတွင်းကိုသာ အားပြုနေရသည်။
 
နာရေးကူညီမှုအသင်းရုံးခန်း၊ လူနာနားနေဆောင်၊ နိဗ္ဗာန်ယာဉ်ပြုပြင်ခန်းများသာမက လူနာနှင့် ဝန်ထမ်းများအတွက် သက်သာချောင်ချိရေး စားသောက်ဆိုင်ခန်းများပါ တည်ဆောက်ရန် ကျရှိနေသေးသဖြင့် ကျပ်ငွေ သိန်း ၂၀၀၀ ခန့် လိုအပ်သေးကြောင်း ခန့်မှန်းထားကြသည်။
 
လက်ရှိတွင် နာရေးကူညီမှုအသင်းရုံးခန်းအား သစ်သားတိုင်၊ သွပ်မိုးဖြင့်သာ တည်ဆောက်ထားနိုင်ပြီး ခြံရှေ့ပိုင်းကိုသာ ခြံစည်းရိုး ကာနိုင်သေးသဖြင့် လုံခြံုရေးအတွက် စိုးရိမ်နေရသည်ဟု သိရသည်။
 
လက်ရှိပြောင်းရွှေ့လာသည့် မြောက်ဒဂုံမြေကွက်သည် ကိုယ်ပိုင်မြေကွက်ဖြစ်သဖြင့် စိတ်တိုင်းကျ တည်ဆောက်နိုင်သော်လည်း ပလပ်စတစ်အမိုက်ပုံပေါ်တွင် ဆောက်လုပ်ထားသည့်အတွက် ကုန်ကျစရိတ် ပိုများကြောင်း သိရသည်။
 
နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးစီးတည်ထောင်ခဲ့ပြီး ဆင်းရဲ၊ ချမ်းသာ၊ ဘာသာမရွေး အခမဲ့ ပို့ဆောင် သဂြိင်္ုဟ်ပေးနေခဲ့ရာမှ နောက်ပိုင်းတွင် သုခ ကုသိုလ်ဖြစ်ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
 
သင်္ဃန်းကျွန်းမြို့နယ်မှ ဘုန်းကြီးကျောင်း တကျောင်းတွင် ထားရှိသည့် နာရေးကူညီမှု အသင်းပိုင် နိဗ္ဗာန်ယာဉ်များကိုလည်း မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန် နယ်နိမိတ်အတွင်း ပြောင်းရွှေ့ရန် ယခုနှစ် ဖေဖော်ဝါရီလက  ကျောက်တံတားမြို့နယ် စည်ပင်သာယာရေးရုံးက ညွှန်ကြားခဲ့သည်။

Most read this week