မြန်မာတွင် H1N1 တွေ့ရှိမှုမှာ အကင်းမျှသာရှိသေးဟု ကန် ကျွမ်းကျင်သူ ပြော

မြန်မာတွင် H1N1 တွေ့ရှိမှုမှာ အကင်းမျှသာရှိသေးဟု ကန် ကျွမ်းကျင်သူ ပြော
by -
မုံပီး
မြန်မာနိုင်ငံတွင် A (H1N1) ဗို်င်းရပ်စ်ကူးစက်ခံနေရသူ နှစ်ဦးကို တွေ့ရှိခဲ့သည်ဟူသော ပြောဆိုမှုသည် တကယ်ကူးစက်နေသည့် ပမာဏနှင့်ယှဉ်လျှင် `အကင်း´မျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသည့် နောက်ထပ် ကူးစက်ခံနေရ ...

နယူးဒေလီ (မဇ္ဈိမ)။           ။ မြန်မာနိုင်ငံတွင် A (H1N1) ဗို်င်းရပ်စ်ကူးစက်ခံနေရသူ နှစ်ဦးကို တွေ့ရှိခဲ့သည်ဟူသော ပြောဆိုမှုသည် တကယ်ကူးစက်နေသည့် ပမာဏနှင့်ယှဉ်လျှင် `အကင်း´မျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသည့် နောက်ထပ် ကူးစက်ခံနေရသူ အများအပြားရှိနိုင်သည်ဟု အမေရိကန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောသည်။
 
တိုင်းပြည်၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးရွားနိမ့်ကျလှသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် အခြေအနေကိုကြည့်၍ ထိုသို့ ရှာဖွေဖော်ထုတ်မတွေ့ရှိရသေးသော ကူးစက်ခံနေရသူ အများအပြား ရှိနေဦးမည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဂျွန်ဟော့ကင်း ဘလွန်းဘတ်ခ် တက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေးနှင့် လူ့အခွင့်အရေးဆိုင်ရာဌာန သုတေသီ ဒေါက်တာ Voravit Suwanaichkij က ပြောသည်။
 
''ကူးစက်ခံနေရသူ လူနာနှစ်ယောက် တွေ့တယ်ဆိုတာ ရေခဲတောင်ကြီးရဲ့ ရေပေါ် ပေါ်နေတဲ့ အပိုင်းလေက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုပဲ ကူးစက်ခံရပြီး ကူးစက်ကြောင်း အသိအမှတ်ပြုမှုမခံရ၊ ကုသမှုမခံရတဲ့ လူနာတွေ အများအပြား ရှိနေနိုင်ပါသေးတယ်'' ဟု ဒေါက်တာ ဗစ် က ပြောသည်။
 
A (H1N1) အမျိုးအစား ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ဒုတိယလူနာကို သီးခြားခွဲထား၍ ကြပ်မတ်ကုသပေးနေခဲ့ပြီး ယခုအခါ သက်သာလာပြီဖြစ်ကာ မကြာမီ ရန်ကုန်မြို့ရှိ ဝေဘာဂီ ဆေးရုံကြီးမှ ပြန်လည်ဆင်းနိုင်တော့မည် ဖြစ်ကြောင်း မြန်မာစစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဗုဒ္ဓဟူးနေ့က ရေးသားဖော်ပြထားသည်။
 
ထိုသတင်းစာ၏ အဆိုအရ အသက် ၂၀ နှစ်အရွယ်ရှိ ထိုအမျိုးသားလူနာကို ဖျားနာ၍ ချောင်းဆိုးနေသည်ကို တွေ့ရှိပြီးနောက် ယခုလ ၈ ရက်နေ့က ဝေဘာဂီဆေးရုံသို့ တင်ပေးခဲ့သည်ဟု ဆိုသည်။
 
သို့သော် ဆေးကုသမှု ကောင်းစွာ ခံယူပြီးနောက် ''သူသည် အခြေအနေ တိုးတက်ကောင်းမွန်လာပြီး ဇူလိုင်လ ၁၁ ရက်နေ့ကတည်းက အဖျားမရှိတော့ကြောင်းနှင့် သူ၏ တိုးတက်မှုကို ကာလတခု စောင့်ကြည့်ပြီးနောက် ဆေးရုံမှ ပြန်လည်ဆင်းသက်နိုင်ရန် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း'' သတင်းစာတွင် ရေးသားဖော်ပြထားသည်။
 
အဆိုပါ အမျိုးသားမှာ စစ်အစိုးရက A (H1N1) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ဟု တရားဝင် ထုတ်ပြန်ကြေညာခြင်းခံရသော ဒုတိယလူနာဖြစ်ပြီး အစောပိုင်းကလည်း အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေးငယ်တဦးမှာ ထိုသို့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသည်ဟု အတည်ပြုကြေညာခြင်းခံခဲ့ရပြီး ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် သီးသန့်ခွဲထားကာ ကုသမှုခံယူခဲ့ရသည်။ အဆိုပါ မိန်းကလေးကို နောက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။
သို့သော် ဤသို့ မြန်မာနို်င်ငံတွင် A (H1N1) ဗိုင်းရပ်စ်ပိုး တွေ့ရှိသူနှစ်ဦး တွေ့ရှိသည်ဟု ကြေညာခြင်းသည် ''မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်၌ ချို့ယွင်းအားနည်းချက် အများအပြားရှိနေသည်ကို ညွှန်ပြနေခြင်းပင်ဖြစ်သည်'' ဟု ဒေါက်တာဗစ်က ပြောသည်။
 
မြန်မာစစ်အစိုးရသည် တနှစ်လျှင် လူတဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှု စရိတ်အဖြစ် အမေရိကန် တဒေါ်လာအောက်သာ သုံးစွဲနေပြီး၊ ချွတ်ယွင်းအားနည်းချက် အများအပြားရှိနေသည့် စီးပွားရေးမူဝါဒများကလည်း တိုင်းပြည်ကို ဆင်းရဲတွင်း နက်သနက်အောင် တွန်းပို့လျက်ရှိသည်ဟု သူက ပြောသည်။
 
''မြန်မာနိုင်ငံက သာမန်မိသားစုတစုရဲ့ ၀င်ငွေ လေးပုံသုံးပုံလောက်ကို အစားအစာအတွက် သုံးနေရတဲ့ အခြေအနေကိုကြည့်ရင် ကျန်းမာရေးတို့၊ ပညာရေးတို့ အထူးသဖြင့် ပုဂ္ဂလိကပညာရေးတို့လို ဇိမ်ခံစရာတွေအတွက်က ရှားရှားပါးပါး နည်းနည်းပဲ ကျန်တော့တယ်'' ဟု သူက ဆက်ပြောသည်။
 
မြန်မာစစ်အစိုးရက ဗိုင်းရပ်စ်ပိုး တွေ့ရှိသည်ဟု ကြေညာခဲ့သော လူနာနှစ်ဦးလုံးမှာ ရန်ကုန်မြို့မှဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းရနိုင်သူများဖြစ်ကာ စီးပွားရေးအခြေအနေ ကောင်းမွန်သူများ ဖြစ်ကြသည်။
 
သို့သော် မြန်မာနို်င်ငံသားအများစုမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဝန်ထမ်း အလွန်အမင်း အကန့်အသတ်ကြီးသည့် ရန်ကုန်မြို့ပြင်ပ နယ်မြို့များတွင် နေထိုင်ကြသူများဖြစ်ကာ ဆင်းရဲတွင်းလည်း နက်ကြသူများ ဖြစ်သည်။ ထိုသူတို့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ရန် အခွင့်အလမ်း ပိုများပြီး ရှာဖွေဖော်ထုတ်၊ တွေ့ရှိနိုင်ခြင်း မရှိဘဲလည်း ဖြစ်နိုင်သည်ဟု ဒေါက်တာဗစ်က ပြောသည်။
 
ထို့ပြင် အိမ်နီးချင်း ထိုင်းနိုင်ငံက အဆိုပါ တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရကြောင်း အတည်ပြုကြေညာထားသည့်အတွက် နှစ်နိုင်ငံအကြား အလွယ်တကူ ကူးသန်းသွားလာနိုင်သည့် နယ်နိမိတ်ရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ပိုးပြန့်ပွားမှု ထို့ထက်ပို၍ များနိုင်ကြောင်း သူက ပြောသည်။
 
မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားသူပုန်တို့အကြား တိုက်ပွဲများကြောင့် နေရပ်ရင်းကို စွန့်ခွာထွက်ပြေးလာသူများအတွက် ထိုင်းနိုင်ငံသည် နှစ်ပေါင်းများစွာကတည်းကပင် လူကြိုက်များသော နေရာဖြစ်သည်။
 
အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများသည် လေယာဉ်မစီးဘဲ ကုန်းလမ်းကသာ နယ်စပ်ဖြတ်ကျော် ၀င်ရောက်ကြသူများဖြစ်သည်ဟု ဒေါက်တာဗစ်က ပြောသည်။ ထိုသို့ သွားလာရာတွင် အာဏာပိုင်များ မသိအောင် ရှောင်တိမ်းသွားလာရသည့်အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသည်ကို ထုတ်ဖော်မသိရှိလိုက်နိုင်သည့် အခွင့်အလမ်းလည်း များပြားသည်ဟု သူက ဆိုသည်။
 
သို့သော် မြန်မာအစိုးရကမူ သူတို့၏ အာဘော် သတင်းစာထဲတွင် အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို သေချာစွာ စောင့်ကြည့်လေ့လာလျက်ရှိရာ လူဦးရေ စုစုပေါင်း ၂၀၀၁၀၃၉ (၂ သန်းကျော်) ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုအထဲတွင် လေဆိပ်မှ ၀င်ရောက်သည့်ခရီးသည် ၈၆၆၈၆ ဦး၊ ဆိပ်ကမ်းမှ ၀င်ရောက်သူ ၆၇၅၃ ဦး၊ နယ်စပ်ဂိတ်များမှ ၀င်ရောက်သူ ၁၉၀၇၇၈၀ ကို စစ်ဆေးခဲ့ကာ၊ ထိုစစ်ဆေးမှုများကို ဧပြီလ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
 
''ဧပြီ ၂၈ မှ ဇူလိုင် ၁၂ ရက်အထိ အဖျားလက္ခဏာရှိပြီး တုပ်ကွေးပိုး ကူးစက်ခံထားရသည်ဟု မသင်္ကာသူပေါင်း ၁၅၀၀၉ ဦးကို ဟိုတယ်များနှင့် နေအိမ်များတွင်ထား၍ သေချာစွာ စောင့်ကြည့်အကဲခတ်ခဲ့ကြောင်း၊ ထိုအထဲမှ စောင့်ကြည့်အကဲခတ်မှုကာလ ၁၀ ရက် လွန်မြောက်သွားသူပေါင်း ၆၁၈၄ ဦးရှိကြောင်း'' ဖြင့် သတင်းစာတွင် ရေးသားထားသည်။
 
ထိုသို့ ကပ်ရောဂါတခုကို ကိုင်တွယ်ရာတွင် ရေရှည်နှင့် လူထုတရပ်လုံးအတွက် ကောင်းမွန်သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်တရပ်ကို အစားထိုးနိုင်မည့်အရာ မရှိကြောင်းဖြင့် ဒေါက်တာဗစ်က ပြောသည်။
 
ကောင်းမွန်သည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည်သာ လူတိုင်း လက်လှမ်းမီနိုင်သည့် အရာဖြစ်သည်။ ထိုစနစ်တွင် ရန်ပုံငွေလုံလောက်စွာရှိရမည်၊ သေချာစွာ မွေးမြူလေ့ကျင့်ပေးထားသည့် ကျန်းမာရေး ၀န်ထမ်းများ ရှိရမည်၊ ကောင်းမွန်သည့် ကျန်းမာရေးဓာတ်ခွဲခန်းများ ရှိရမည်။ ကျန်းမာရေးနှင့် စပ်လျဉ်းသည့် အချက်အလက်များကို လွတ်လပ်စွာ ကောက်ယူ၊ ခွဲခြမ်းစိတ်ဖြာ၊ ဖြန့်ဖြူးနိုင်စွမ်းလည်း ရှိရမည်။
 
သို့သော် ကုသ၍ရသော ရောဂါများဖြစ်သည့် အဆုတ်နာ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ ကဲ့သို့သော ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုတွင် `အစဉ်အလာ´ စိန်ခေါ်မှုတရပ်ဖြစ်နေသည့် ရောဂါများကိုပင် နိုင်နင်းစွာ ကိုင်တွယ်နိုင်ခြင်း မရှိသည့်  မြန်မာနိုင်ငံတွင် လူအများ အဓိကထား စားသုံးကြသည့် လက်ဖက် ကဲ့သို့သော အစားအစာများတွင်ပင် တရားမဝင် ဆိုးဆေးများ ပါ၀င်နေသေးသည်ကိုကြည့်လျှင် ကမ္ဘာ့လူတုပ်ကွေးရောဂါ အပါအဝင် အနာဂတ်တွင် ကြံုရမည့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း နိုင်နင်းစွာ ကိုင်တွယ်ဆောင်ရွက်နိုင်လိမ့်မည့် အလားအလာ မရှိလှကြောင်း ပြဆိုနေသည်ဟု ဒေါက်တာဗစ်က ပြောသည်။

Most read this week