ကားပစ္စည်း တင်သွင်းခွင့် မူဝါဒပြောင်း

ကားပစ္စည်း တင်သွင်းခွင့် မူဝါဒပြောင်း
by -
မေကျော်
မြန်မာပြည်တွင်း မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းများအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စက်မှုဇုန်အလိုက် ကားပစ္စည်းများ ပြန်လည်တင်သွင်းခွင့် ပြုလိုက် ...

ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာပြည်တွင်း မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းများအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စက်မှုဇုန်အလိုက် ကားပစ္စည်းများ ပြန်လည်တင်သွင်းခွင့် ပြုလိုက်သည်။
 
ကားပစ္စည်းစျေးနှုန်း မြင့်တက်မှုနှင့် ရှားပါးမှုကြောင့် ရပ်ဆိုင်းလုနီးပါး ဖြစ်နေသော လက်ရှိ ကားထုတ်လုပ်ရေးကို ယခု မူဝါဒအသစ်ဖြင့် အစားထိုးနိုင်ရန် မြန်မာစစ်အစိုးရ ဝန်ကြီးဌာနက ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
 
“စက်မှုဇုန်တွေအလိုက် ကားပစ္စည်းတင်သွင်းမယ့် ကုမ္ပဏီတွေ စာရင်းပေးလျှောက်ထားကြပါ။ သူ ခွင့်ပြုပေးပါ့မယ်လို့ စီးပွားကူးသန်းဝန်ကြီးက ဒီလ ၁၂ ရက်နေ့က ပြောပါတယ်” ဟု မန္တလေး စက်မှုဇုန်မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
 
၂၀၀၈ ခုနှစ် မတိုင်မီက ပြည်တွင်း ကားထုတ်လုပ်သူများကို ကားပစ္စည်း တင်သွင်းခွင့် ပြုခဲ့သော်လည်း ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် တင်သွင်းခွင့်ကို ဝန်ကြီးဌာနက ရန်ကုန်အခြေစိုက် ကုမ္ပဏီများဖြစ်သည့် TMC ၊ ဦးသမာဓိ၊ ရန်ကုန်မြန်မာနှင့် MOTHER Trading တို့ကိုသာ တင်သွင်းခွင့် ပြုခဲ့သည်။
 
ပြည်တွင်း ကားထုတ်လုပ်ရေး ကုမ္ပဏီများမှာ ကားအင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများကို အဆိုပါ ကုမ္ပဏီ ၄ ခု ထံမှ တဆင့်ဝယ်ယူကြောင်း အထောက်အထားပြမှသာ အစိုးရ ကုန်းလမ်းပို့ဆောင်ရေးက မော်တော်ယာဉ် လိုင်စင် ထုတ်ပေးသည်။
 
တင်သွင်းခွင့်ရ အဆိုပါ ကုမ္ပဏီ ၄ ခုမှ ကားပစ္စည်းစျေး မြှင့်လာခြင်းအပြင် စက်ပစ္စည်းကို လိုသလောက် ဝယ်ယူမရခြင်းက ကားတပ်ဆင် ထုတ်လုပ်စရိတ် တက်လာကာ ကားစျေးကွက် ကျဆင်းလာရသည်ဟု ကားထုတ်လုပ်သူ အသိုင်းအဝိုင်းက ဆိုသည်။
 
လက်ရှိ ဂျစ်ကား တစင်းထုတ်လုပ်မှု ကုန်ကျစရိတ် ငွေကျပ် ၆၅ သိန်း ကုန်ကျပြီး ပြင်ပ စျေးကွက်ပေါက်စျေးမှာ ကျပ်သိန်း ၆၀ ဝန်းကျင်အောက်သာ ရှိနေသည်။
 
ပြည်တွင်းထုတ် လိုက်ထရပ် တစီးအတွက် အရင်းငွေ ကျပ် သိန်း ၈၀ ခန့် ကုန်ကျပြီး၊ အမျိုးအစားအလိုက် သိန်း ၁၀၀ မှ ၁၃၅ သိန်းကြား အရောင်းအဝယ် ဖြစ်နေသည်။
 
ပြည်တွင်း ကားထုတ်လုပ်ရေး လုပ်ငန်းမှာ အင်ဂျင်၊ ဂီယာ၊ ရေတိုင်ကီ အပါအဝင် စက်ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းရပြီး စက်မှုဇုန်များတွင် ဘော်ဒီပိုင်း၊ ခေါင်းနှင့် ဖရိန်ကိုသာ လုပ်ဆောင်တပ်ဆင်ကြသည်။
 
လတ်တလော ပြည်တွင်း တပ်ဆင်ယာဉ်များတွင် ကုန်တင်ယာဉ်ငယ် ထုတ်လုပ်မှုသာ အလုပ် အနည်းငယ် ဖြစ်နေပြီး၊ ဂျစ်ကားထုတ်လုပ်မှုမှာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေရာမှ မူဝါဒအသစ် ထုတ်ပြန်လာပြီဖြစ်သဖြင့် ကား ထုတ်လုပ်မှု လုပ်ငန်းသည် ပြန်လည် လည်ပတ်နိုင်မည်ဟု ကားတပ်ဆင် ထုတ်လုပ်သူများက ခန့်မှန်းကြသည်။
 
KM ကားထုတ်လုပ်ရေးမှ ဦးကျော်မြင့်က ''လိုက်ထရပ် ၁၀၀ ထုတ်မယ်ဆိုရင် ဂျစ်ကား ၅ စီးလောက်ပဲ ပါတော့တယ်။ စျေးကွက်ကလည်း လိုက်ထရပ်ကို ပိုကြိုက်တယ်။ အခု မူ ပြင်လိုက်တဲ့ အခါကျတော့ ကျနော်တို့ ဂျစ်ကားကို ထုတ်သင့်ရင် ပြန်ထုတ်မှာပါ'' ဟု ဆိုသည်။
 
ယခုအခါ ပြည်တွင်း ကားတပ်ဆင် ထုတ်လုပ်သည့် ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် တောင်ကြီး စက်မှုဇုန်များအလိုက် ကားပစ္စည်း တင်သွင်းခွင့်ကို လျှောက်ထားခွင့် ရပြီဖြစ်သဖြင့် စက်မှုဇုန်များအလိုက် ဆွေးနွေးနေကြကြောင်း သိရသည်။

Most read this week