ချင်းမိုင် (မဇ္စျိမ)။ ။ နာဂစ်ဒဏ်သင့် လပွတ္တာခရိုင် အတွင်းရှိ ဆားတောင်သူများ အနေဖြင့် မြန်မာ့ အဏ္ဏဝါဓာတု လုပ်ငန်း၌ ပေါင်နှံထားသော ၎င်းတို့၏ ဆားကွင်းများကို ပြန်လည်ရွေးယူရန် ငွေကြေး အခက်အခဲ ကြံုတွေ့နေကြရကြောင်း လပွတ္တာမှ ဆားလုပ်ငန်းရှင်တဦးက ပြောသည်။
“ဒီသြဂုတ်လ နောက်ဆုံးထားပြီး ဒီချေးငွေကို ဆပ်ဖို့ ပြောနေတယ်။ မဆပ်နိုင်ရင် ဘာဖြစ်လာမယ်ဆိုတာ မပြောနိုင်ဘူး။ ဆားကွင်းပိုင်ဆိုင်မှု စာချုပ်က သူတို့ (အစိုးရ) ဆီမှာပါ” ဟု လပွတ္တာ ဒေသခံ ဆားလုပ်ငန်းရှင် ဦးသိန်းသန်းက မဇ္စျိမသို့ ပြောသည်။
ခရိုင် အတွင်း ဆားလုပ်ငန်း အဓိက လုပ်ကိုင်သော တိုက်နယ် လေးခုမှာ မဲခရဲ၊ မန်းကျီးပင်၊ သင်္ကန်းကုန်း နှင့် သက္ကယ်သောင် တိုက်နယ်တို့ ဖြစ်သည်။
လက်ရှိ သက္ကယ်သောင် တိုက်နယ် တခုတည်းတွင်ပင် ဆားဧက ၃၇၉၉.၈၆ ရှိပြီး လုပ်ငန်းရှင် ၁၁၇ ယောက်တွင် လုပ်ငန်းရှင် ၂၀ ဦးခန့်သာ ချေးငွေ ဆပ်နိုင်သေးသည်ဟု သိရသည်။
စစ်အစိုးရက နာဂစ်ဒဏ်သင့် ဆားတောင်သူများကို ဆားကွင်းတဧက အတွက် ကျပ် ၃ သိန်းနှုန်းဖြင့် ယခင်နှစ် နိုဝင်လဘာက ချေးငွေများ ထုတ်ပေးပြီး တောင်သူများထံမှ ဆားကွင်း ပိုင်ဆိုင်မှု စာချုပ်ကို အပေါင်သဘော သိမ်းယူထားခြင်းဖြစ်သည်။
မြန်မာ့ အဏ္ဏဝါဓာတုလုပ်ငန်း လက်အောက်၌ ဆားကြီးကြပ် အဖွဲ့များ ဖွဲ့စည်းကာ ဆားတောင်သူများအား ဧက အလိုက် ချေးငွေများကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ချေးငွေ စာချုပ်အရ အတိုးနှုန်းမှာ တနှစ်အတွက် ၁၂ ရာခိုင်နှုန်းဖြစ်ပြီး သုံးလတကြိမ် အတိုးငွေ ပေးချေရမည်ဖြစ်သည်။ တနှစ် အတွင်း ချေးငွေ တဝက်နှင့် အတိုးငွေကို ပေးဆပ်ရမည်ဖြစ်ကာ ၂ နှစ်အတွင်း ချေးငွေကို အကျေ ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။
ဆားတောင်သူ အများစုမှာ ၁၀ ဧက ခန့် အနည်းဆုံး လုပ်ကိုင်ကြပြီး မိုးဖျက်သောကြောင့် ဆားများကို အပြီးသတ် မသိမ်းနိုင်ခဲ့သဖြင့် ချေးငွေ ပြန်ဆပ်ချိန်တွင် အခက်အခဲကြံုရခြင်း ဖြစ်သည်ဟု ဆားလုပ်ငန်းရှင်များက ပြောကြသည်။
“ဒီနှစ်မိုးက သုံးခါ ဖျက်တယ်။ ဧက ၃၀ မှာ ခါတိုင်း ဆား ၂ သိန်းခွဲ ၃ သိန်း ထွက်တာကို ဒီနှစ် ၁ သိန်းကျော်ကျော်ပဲ ထွက်တယ်။ ပုံမှန် အထွက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ထွက်တယ်” ဟု လပွတ္တာ ဒေသခံ ဆားလုပ်ငန်းရှင် ဦးစိုးငြိမ်းက မဇ္စျိမသို့ ပြောသည်။
ယခုအခါ ကျေးရွာ ရယကများနှင့် ဆားကြီးကြပ် အဖွဲ့များ ဦးဆောင်၍ ဆားတောင်သူများ ချေးငွေ ပြန်ဆပ်ကြရန် တောင်းခံ နေကြပြီ ဖြစ်သည်။
ဆားတောင်သူများကမူ ချေးငွေ ပြန်ဆပ်ရန် အချိန်ကာလကို ထပ်တိုးပေးစေလိုပြီး ယခု လာမည့် သြဂုတ်လတွင် ဆပ်ရမည့် ငွေကြေးကိုလည်း တဝက်ခန့်သာ ရှာဖွေနိုင်မည်ဟု ဦးစိုးငြိမ်းက ပြောသည်။
ယမန်နှစ်က ဆားကြမ်း တပိဿာ ၃၀၀ ခန့် စျေးပေါက်ခဲ့သော်လည်း ယခုနှစ် ဆားရာသီတွင် ၁၈၀ ခန့်သာ ရရှိသဖြင့် ထုတ်လုပ်မှုစရိတ်အပြင် ချေးငွေ အတိုးစရိတ်များကြောင့် ဆားတောင်သူများ တွက်ခြေမကိုက်ကြောင်း ပုသိမ် အခြေစိုက် ဆားကုန်သည်တဦးက ဆိုသည်။
နာဂစ်သင့် ဒေသ လပွတ္တာခရိုင် ဆားထုတ်လုပ်သည့် တိုက်နယ်များတွင် ယခုနှစ် ဆားထုတ်လုပ်မှု ကျဆင်းသော်လည်း စျေးကွက်အတွင်း ဆားရှားပါးခြင်းနှင့် စျေးတက်ခြင်း မဖြစ်နိုင်ကြောင်းလည်း သူက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အောက်တိုဘာ၊ နိုဝင်ဘာခန့်တွင် ဆားလုပ်ငန်း စတင်ပြီး ၅ လခန့် အကြာ မတ်၊ ဧပြီတွင် ဆားကြမ်းပေါ်ပြီ ဖြစ်သည်။