ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံစဉ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည်သုံးသပ်ရန် အပါအဝင် အချက် ၄ ချက် တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၄ ဦးနှင့် ယခုလ ၄ ရက်နေ့က နေပြည်တော်၌ ၁၅ မိနစ်ကြာ တွေ့ဆုံခွင့်ရစဉ် တင်ပြခဲ့ကြောင်း အန်အယ်ဒီ အဆိုအရ သိရခြင်း ဖြစ်သည်။
“သူတို့ ပြောခဲ့တာက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးဖို့၊ အမျိုးသား ရင်ကြားစေ့ရေး အကောင်အထည်ဖော်ပေးဖို့၊ Constitution Review လုပ်ဖို့၊ ၉ဝ ရွေးကောက်ပွဲကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့ လိုတယ်ဆိုတာ တောင်းဆိုခဲ့တယ်” ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
တွေ့ခွင့်ရသည့်အချိန် တိုတောင်းလွန်းသဖြင့် နိုင်ငံရေးကိစ္စရပ်များအား နည်းလမ်းတကျနှင့် ဆွေးနွေးခွင့် မရခဲ့ကြောင်း သူက ပြောဆိုသည်။
“ပြောပြရုံနဲ့ နှုတ်ဆက်ရုံနဲ့ ပြီးတယ်။ တော်တော်စိတ်ပျက်သွားတဲ့ ခရီးစဉ်လို့ ပြောလို့ရတယ်။ နိုင်ငံရေးကို နည်းလမ်းတကျနဲ့ ဆွေးနွေးရမယ့်ဟာကို ဒါကို မစ္စတာ ဘန်ကို အပြစ်တင်တာ မဟုတ်ဘူး။ မစ္စတာဘန်က ကြိုးစားပေးပါ့မယ်လို့ ပြောတယ်။ အနာဂတ်အတွက် အရေးကြီးတဲ့ ကိစ္စကို ဆွေးနွေးဖို့ အချိန်မရလိုက်ဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
မစ္စတာဘန်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့သော်လည်း မြန်မာစစ်အာဏာပိုင်များက ခွင့်မပြုခဲ့ဘဲ၊ ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သော ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်နှင့် ဦးသန်းထွန်းတို့ကိုသာ တွေ့ဆုံဆွေးနွေးခွင့် ပေးခဲ့သည်။
မြန်မာပြည်တွင် ယခုလ ၃ ရက်နေ့မှ စတင်ကာ နှစ်ရက်ကြာ နေထိုင်ခဲ့သည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်သည် အခြား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် နေပြည်တော်၌ တရက်တည်းတွင် သီးခြားစီ တွေ့ဆုံခဲ့ပြီး၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း နှစ်ကြိမ်မျှ တွေ့ဆုံခဲ့သည်။