နယူးဒေလီ။ ။ မြန်မာနိုင်ငံရှိ မူပိုင်ခွင့်ဥပဒေမှာ ခေတ်နှင့် လျော်ညီခြင်း မရှိသည့်အတွက် ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ မူပိုင်ခွင့်ပြဿနာများကို ဖြေရှင်းပေးနေရကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများက ပြောဆိုသည်။
ယခုတည်ရှိနေသည့် မူပိုင်ခွင့်ဥပဒေမှာ အင်္ဂလိပ် ဗြိတိသျှလက်ထက်၌ ရေးဆွဲခဲ့သော ဥပဒေဖြစ်သဖြင့် မူပိုင်ခွင့် ပြဿနာများအပေါ် ထိရောက်စွာ အပြစ်ပေးနိုင်ခြင်း မရှိသောကြောင့် ဆွေးနွေးညှိနှိုင်းသည့် နည်းဖြင့်သာ ဖြေရှင်းနေကြောင်း ပြောဆိုခြင်း ဖြစ်သည်။
''ဒါကြောင့် မူပိုင်ခွင့်ပြဿနာတခု ဖြစ်လာရင် မူပိုင်သမားနဲ့ တရားမဝင် အသုံးပြုတဲ့လူ နှစ်ဦးနှစ်ဖက်ကို ရုံးမှာခေါ်ပြီး ညှိနှိုင်းဖြေရှင်းတဲ့ နည်းနဲ့ပဲ သွားနေကြတယ်ဗျ'' ဟု ဂီတအစည်းအရုံးမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး တေးရေးဆရာ မောင်သစ်မင်းက မဇ္စျိမကို ပြောသည်။
''ဗြိတိသျှလက်ထက်က ဥပဒေ အခုထိရှိတယ်။ ဒါပေမဲ့ မကျင့်သုံးနိုင်တော့ဘူး။ ကိုယ့်မူပိုင်ခွင့် ချိုးဖောက်ခံရလို့ တရားမဝင် လုပ်တာကို တရားစွဲမယ်ဆိုရင်တောင် ထိရောက်တဲ့ ပြစ်ဒဏ်မျိုး မချမှတ်နိုင်တော့ဘဲ ဒဏ်ငွေလေးက နည်းနည်းလေး ဖြစ်နေတာမျိုးပေါ့၊ ဥပမာ ဒဏ်ငွေ ၅၀ ကျပ် ဆိုတာမျိုး။ ဥပဒေက အရမ်းဟောင်းနေပြီခင်ဗျ'' ဟု သူက ဆက်ပြောသည်။
ယခုအခါ မြန်မာအာဏာပိုင်များက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာ့ မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့ - WIPO ၏ စည်းမျဉ်းဥပဒေများကို ကိုးကားထားသည့် ခေတ်နှင့် လျော်ညီသော မူပိုင်ခွင့် ဥပဒေတရပ် ရေးဆွဲလျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းကျင့်သုံးနိုင်မည်ဖြစ်ကြောင်း ဂီတအစည်းအရုံး အဆိုအရ သိရသည်။
မူပိုင်ခွင့်နှင့် ပတ်သက်၍ ခံစားခွင့်အဖြစ် မန္တလေး FM မှ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှ စတင်ကာ တေးသီချင်းတပုဒ်ကို တကြိမ်ထုတ်လွှင့်လျှင် ၁၂၀၀ ကျပ်နှုန်းဖြင့် သီချင်းနှင့် သက်ဆိုင်သည့် တေးရေး၊ တေးဆို၊ တီးခတ်သူနှင့် ထုတ်လုပ်သူတို့အား ပေးနေပြီဖြစ်ကြောင်း ဂီတအစည်းအရုံးမှ စုပေါင်း စီမံခန့်ခွဲမှုကော်မတီ (Collective Management Committee) – CMC အဖွဲ့ဝင် တေးသံရှင် နွဲ့ယဉ်ဝင်းက မဇ္စျိမကို ပြောသည်။
မန္တလေး FM က ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ထုတ်လွှင့်ခဲ့သည့် သီချင်းများကို အကြိမ် အရေအတွက်အလိုက် စာရင်းဇယားများဖြင့်CMC သို့ ပေးပို့ကာ ကျသင့်ငွေများကို ပြန်လည်ပေးချေခဲ့ကြောင်းနှင့် ယခုနှစ်အတွက်လည်း ၄ လ တကြိမ်နှုန်းဖြင့် ဆက်လက်၍ ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။
တေးရေး၊ တေးဆို ဆောင်းဦးလှိုင်က “ပြီးခဲ့တဲ့ နှစ်ကုန်ခါနီး ၃ လ အတွင်း သူတို့ လွှင့်တဲ့အထဲမှာ ကျနော့် သီချင်းလေးတွေလည်း ပါလို့ ၃ လစာ ဆိုခ ၆ သောင်း ရပါတယ်။ ရေးခ က ၈ သောင်းလောက် ရမယ် ခင်ဗျ” ဟု ပြောသည်။
စစ်အစိုးရပိုင် ရုပ်မြင်သံကြားလိုင်း တခုဖြစ်သည့် MRTV - 4 ကလည်း ယခုနှစ်အတွင်း ၎င်းတို့၏ ရုပ်သံလိုင်းအတွက် တေးဂီတ ပညာရှင်များကို ထိုက်သင့်သည့် အနုပညာကြေးများဖြင့် ခေါ်ယူအသုံးပြုနေသည်။
ကိုဆောင်းဦးလှိုင်က “မြန်မာနိုင်ငံမှာလည်း မူပိုင်ခွင့်ကို နည်းနည်းတော့ တန်ဖိုးထားလာပြီဗျ။ ဒီလပိုင်းထဲမှာ MRTV – 4 အတွက် ကျနော့်သူငယ်ချင်း ဂီတပညာရှင်တွေ သွားရိုက်တဲ့အခါ သူတို့ကို ထိုက်သင့်တဲ့ အနုပညာကြေး ပေးပြီးတော့ ရိုက်လာကြတာကို တွေ့ရတယ်” ဟု ပြောသည်။
CMC မှာ အနုပညာရှင်များ၏ ရပိုင်ခွင့်များအတွက် အသံလွှင့်ဌာန၊ ရုပ်သံလွှင့်ဌာနနှင့် အနုပညာရှင်တို့ကြားတွင် တာဝန်ယူ ဆောင်ရွက်ပေးနေသည့် အဖွဲ့တခု ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခုအခါ ရန်ကုန် စီးတီး FM၊ မန္တလေး စီးတီး FM နှင့် စစ်တွေ စီးတီး FM တို့ ထုတ်လွှင့်လျက်ရှိပြီး၊ နောက်ထပ်ဖွင့်လှစ်မည့် ချယ်ရီ FM၊ ပဥ္စဝတီ FM နှင့် ရွှေ FM တို့ကလည်း အဆိုပါ မူပိုင်ခွင့်အတွက် ခံစားခွင့်ပေးရန် CMC အား ကမ်းလှမ်းထားသည်။
စီးတီး FM လိုင်းများနှင့် ဂီတပညာရှင်များ၊ အဆိုတော်များ၊ တေးရေးဆရာများ၊ ထုတ်လုပ်သူများအကြား နှစ်ဦးနှစ်ဖက် လက်ခံသည့် အနုပညာကြေး ပေးချေမှုများနှင့် ထိုကဲ့သို့ ပြုလုပ်ရန် တာစူနေပြီဖြစ်သော်လည်း မူပိုင်ခွင့်ကို အလေးမထားဘဲ သီချင်းစီဒီများ၊ ဗီစီဒီခွေများကို ကော်ပီကူး ရောင်းချမှုသည် မြန်မာပြည်တဝန်း ကျယ်ပြန့်စွာ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်သည်။
Published
Friday, July 3, 2009 - 18:55
မူပိုင်ခွင့် ပြဿနာအတွက် ဆွေးနွေး ညှိနှိုင်းခြင်းသာ အားကိုးရ
မြန်မာနိုင်ငံရှိ မူပိုင်ခွင့်ဥပဒေမှာ ခေတ်နှင့် လျော်ညီခြင်း မရှိသည့်အတွက် ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ မူပိုင်ခွင့်ပြဿနာများကို ဖြေရှင်းပေးနေရကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများက ပြောဆို ...