ကုလ အကြီးအကဲ မြန်မာသို့ ရောက်ရှိ

ကုလ အကြီးအကဲ မြန်မာသို့ ရောက်ရှိ
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း ယနေ့ နံနက် မြန်မာ စံတော်ချိန် ၉ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး စစ်အစိုးရကို တိုက်တွန်း ...

ချင်းမိုင်။     ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း ယနေ့ နံနက် မြန်မာ စံတော်ချိန် ၉ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။
 
ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး စစ်အစိုးရကို တိုက်တွန်းရန် ၂ ရက်ခရီး စဉ်အဖြစ် မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိခြင်း ဖြစ်သည်။
 
ရန်ကုန်မြို့တော် ဆီဒိုးနား ဟိုတယ်တွင် ခေတ္တနားခိုပြီး ယနေ့ နေ့လည် မြန်မာစံတော်ချိန် ၁၁ နာရီတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်မည် ဖြစ်သည်။
 
နေအိမ် အကျယ်ချုပ်ကာလ အတွင်း စည်းကမ်းချိုးဖောက်သည်ဟု ဆိုကာ တရားရင်ဆိုင် နေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် စစ်အစိုးရ ခေါင်းဆောင်များကို တိုက်တွန်းပြောကြားမည်ဖြစ်ကြောင်း ကုလ အကြီးအကဲက မြန်မာသို့ အသွား စကာင်္ပူနိုင်ငံတွင်် သတင်းထောက်များကို ပြောကြားသည်။
 
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံအပြီး မြန်မာ့ နိုင်ငံရေး ပါတီ အချို့နှင့်တွေ့ဆုံမည် ဖြစ်သည်။ ယင်းနောက် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို တွေ့ဆုံမည် ဖြစ်သည်။
 
ခရီးစဉ် အစီအစဉ်တွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မရှိသော်လည်း သူမနှင့်တွေ့ဆုံနိုင်ရန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ်တွင် မူတည်နေသည်ဟု သတင်းများက ဆိုသည်။
 
ခရီးစဉ် ဒုတိယနေ့တွင် နာဂစ်ဒဏ်သင့် ဧရာဝတီတိုင်း ကျံုဒါးကျေးရွာကို သွားရောက်မည်ဖြစ်သည်။
 
ယင်းနောက် ရန်ကုန်တွင် စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းနှင့် တွေ့ဆုံမည်ဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး၍ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် စစ်အစိုးရ ခေါင်းဆောင်များကို တိုက်တွန်းမည်ဟုလည်း ကုလ အထွေထွေ အတွင်းရေးမှူးက ပြောကြားသည်။
 
သို့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများကို နားချရခက်ခြင်းကြောင့် သူ၏ ခရီးစဉ်အောင်မြင်ရေးမှာ ခက်ခဲလှကြောင်း တစွန်းတစပြောဆိုသွားသည်။
 
”ကျနော် မြန်မာပြည်ကို မသေချာမရေရာမှုတွေနဲ့ သွားရောက်ရမှာ” ပါ လို့ စကာင်္ပူတွင် ကုလ အကြီးအကဲက သတင်းထောက်များကို ပြောကြားသွားသည်။
 
အကောင်းဆုံး အပြောင်းအလဲ အတွက် ကျနော်တို့ ကြိုးစားရမှာပါ။ ကျနော် အကောင်းဆုံး ကြိုးစားပါ့မယ်။ ဒါပေမယ့် အခု ခရီးစဉ်က အပြောင်းအလဲတခု ဖြစ်လာဖို့တော့ ခက်ခဲပါလိမ့်မယ်လို့ သူကဆက်ပြောသည်။