မြန်မာသို့ စစ်လက်နက် ရောင်းချရန် ကြိုးပမ်းသူ ၃ ဦးကို ဂျပန် ရဲက ဖမ်း

မြန်မာသို့ စစ်လက်နက် ရောင်းချရန် ကြိုးပမ်းသူ ၃ ဦးကို ဂျပန် ရဲက ဖမ်း
by -
ဆော်လမွန်
ဒုံးကျည် တည်ဆောက်ရာတွင် အထောက်အကူ ပေးနိုင်သည့် ကိရိယာများ မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့ရန် ကြိုးပမ်းသည်ဟု သံသယဖြင့် မြောက်ကိုရီးယန်း လူမျိုးတဦးနှင့် ဂျပန်လူမျိုး ၂ ဦးကို ဂျပန်ရဲမှ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု ဂျပန်ရဲအရာရှိက ပြောကြား ...

 
နယူးဒေလီ (မဇ္ဈိမ)။           ။ ဒုံးကျည် တည်ဆောက်ရာတွင် အထောက်အကူ ပေးနိုင်သည့် ကိရိယာများ မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့ရန် ကြိုးပမ်းသည်ဟု သံသယဖြင့် မြောက်ကိုရီးယန်း လူမျိုးတဦးနှင့် ဂျပန်လူမျိုး ၂ ဦးကို ဂျပန်ရဲမှ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု ဂျပန်ရဲအရာရှိက ပြောကြားသည်။
 
နိုင်ငံခြားငွေကြေး လဲလှယ်မှုနှင့် နိုင်ငံခြားကုန်သွယ်ရေး ဥပဒေကို ချိုးဖောက်သည်ဟုဆိုကာ စီးပွားရေး လုပ်ငန်းရှင် ၃ ဦးကို ထိန်းသိမ်းခဲ့သည်ဟု တိုကျိုမြို့အနီးရှိ ကာနာဂါဝါ ရဲစခန်းမှ ယမန်နေ့က မဇ္ဈိမကို ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“တယောက်က မြောက်ကိုရီးယား လူမျိုးပါ။ ပြည်ပပို့ကုန်လုပ်ငန်း လုပ်နေတဲ့သူ။ သူက စစ်လက်နက်တွေ ပိုမို အစွမ်းထက်လာအောင် အသုံးပြုတဲ့ ကိရိယာတွေကို တင်ပို့ဖို့ ကြိုးစားခဲ့တာ” ဟု ကာနာဂါဝါ ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။
 
ကုမ္ပဏီသည် အဆိုပါ ကိရိယာများကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ကြောင်းနှင့် “ ယင်းကိရိယာများသည် စစ်လက်နက်များ၌ တပ်ဆင် အသုံးပြုနိုင်သဖြင့် ၎င်းတို့ကို ဖမ်းဆီးခဲ့ကြောင်း” ဟု သူက ဆက်ပြောသည်။
 
ဂျပန်ထုတ် ယိုမီယူရီ ရှင်ဘွန်း သတင်းစာအရ အဆိုပါ လုပ်ငန်းရှင် ၃ ဦးအနက် တဦးမှာ မြောက်ကိုရီးယား လူမျိုးဖြစ်ပြီး Toko Boeki ကုန်သွယ်မှုလုပ်ငန်း၏ ဥက္ကဋ္ဌ တဦးလည်းဖြစ်သည့် ၄၁ နှစ်အရွယ် လီကျုံးဟို၊ ကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီတခု၏ ဥက္ကဋ္ဌ မီအာကီ ကာတာဆူကီ (၇၅ နှစ်အရွယ်) နှင့် ပြည်ပပို့ကုန် အေဂျင်စီတခု၏ ဥက္ကဋ္ဌ ယာဆူဟီကို မူတို (၅၇ နှစ်အရွယ်) တို့ ဖြစ်သည်။
 
ဖမ်းဆီးထားသည့် စီးပွားရေးလုပ်ငန်းရှင်များမှာ ယခင်ကလည်း မြန်မာပြည်သို့ အဆိုပါ စစ်လက်နက်၌ တပ်ဆင်အသုံးပြုသည့် ကိရိယာများကို အကြိမ်များစွာ တင်ပို့ခဲ့သည်ကို တွေ့ရှိရကြောင်း ရဲအရာရှိက မဇ္ဈိမကို ပြောပြသည်။
 
ယိုမီယူရီသတင်းစာအရ၊ ထိုလူ ၃ ဦးသည် ဟောင်ကောင်အခြေစိုက် မြောက်ကိုရီးယား ကုမ္ပဏီတခုအတွက် အလုပ်လုပ်ခဲ့သူများဖြစ်ပြီး၊ မြောက်ကိုရီးယား၏ ညွှန်ကြားချက်အရ တာဝေးပစ် ဒုံးကျည် ပြုလုပ်ရာ၌ မရှိမဖြစ် လိုအပ်သည်ဟု ယူဆရသည ပစ္စည်းတမျိုးကို တင်ပို့နေကြောင်း ရေးသားထားသည်။
 
သတင်းတွင်မူ သူတို့ ၃ ဦးသည် ၂၀၀၉ ဇန်နဝါရီလခန့်က ဂျပန်ယန်း ရ သန်း (အမေရိကန်ဒေါ်လာ ရ သောင်း ၃ ထောင်) ခန့် တန်ဖိုးရှိ ကိရိယာကို မြန်မာနိုင်ငံသို့ မလေးရှားမှတဆင့် တင်ပို့ရန် ကြံစည်ခဲ့သေးကြောင်း ဖော်ပြထားသည်။
 
၂၀၀၈ ခုနှစ် စက်တင်ဘာလခန့်ကလည်း ကုမ္ပဏီသည် အဆိုပါ ကိရိယာများကိုပင် မြန်မာနိုင်ငံ အနုမြူစွမ်းအင် ကော်မတီ ဥက္ကဋ္ဌအဖြစ် မြန်မာ့နျူကလီးယား စီမံကိန်း၌ အဓိက အခန်းကဏ္ဍမှ ပါဝင်နေသော မြန်မာနိုင်ငံ စက်မှု (၂) ဝန်ကြီးဌာနသို့ တင်ပို့ရန် ကြိုးစားခဲ့ဖူးသေးကြောင်း သတင်း၌ ဖော်ပြထားသည်။
 
သို့ရာတွင် ကြိုးပမ်းမှု နှစ်ခုစလုံး၌ ကုန်ပစ္စည်း မတင်ပို့မီ ဂျပန်အစိုးရ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပို့ကုန် လျှောက်လွှာ တင်သွင်းရန် ပျက်ကွက်နေကြောင်း ကုမ္ပဏီသို့ သတိပေးလာသည့်အတွက် အစီအစဉ်ကို ချက်ချင်း ပယ်ဖျက်ခဲ့ရကြောင်း ဂျပန်သတင်းစာက ဆိုသည်။
 
ဟောင်ကောင်၌ အခြေစိုက်သည့် New East International Trading Ltd ပီကင်းရုံး၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပါရှိသည်။ ကုမ္ပဏီသည် ကိုရီးယား ပြံုယမ်း အလုပ်သမားပါတီ၏ ဒုတိယ စီးပွားရေးရာ ကော်မတီ၏ တိုက်ရိုက် ထိန်းချုပ်အောက်၌ ရှိသည်ဟု ယုံကြည်ရသည်။ ယင်းသည် ပါတီ၏ စစ်သုံးပစ္စည်းများ ဝယ်ယူရန်အတွက် တာဝန်ရှိသည့် အဖွဲ့ဖြစ်သည်။
 
၁၉၉၉ ခုနှစ်မှစတင်၍ မြန်မာနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်ဖက်ခေါင်းဆောင်များ လျှို့ဝှက်စွာ အပြန်အလှန် လည်ပတ်ခဲ့ခြင်းနှင့် အပြန်အလှန် ဆက်ဆံရေးကို လျှို့ဝှက်စွာ ပြန်လည်ဆန်းသစ်ခဲ့ကြသည်။
 
မြောက်ကိုရီးယား အေးဂျင့်များမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် တောင်ကိုရီးယား သမ္မတနှင့် အဖွဲ့ကို ဗုံးခွဲသတ်ဖြတ်ရန် လုပ်ကြံခဲ့သည့် ၁၉၈၃ ခုနှစ်မှစ၍ ပြတ်တောက်ခဲ့သော တရားဝင် သံတမန်ဆက်သွယ်ရေးကိုမူ ၂၀၀၇ ခုနှစ်မှကျမှ နှစ်နိုင်ငံစလုံးမှ ပြန်လည်ဆန်းသစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ကြသည်။
 
စစ်လက်နက်ပစ္စည်းများ၊ ဒုံးကျည်များနှင့် နျူကလီးပစ္စည်းများ သယ်ဆောင်လာသည်ဟု ဆိုသော ကန်နမ် (၁) အမည်ရှိ မြောက်ကိုရီးယား သင်္ဘောတစင်းသည် ယခုလ ၁၇ ရက်နေ့တွင် မြောက်ကိုရီးယား ဆိပ်ကမ်းမှနေ၍ မြန်မာပြည်သို့ စတင်ထွက်ခွာလာခဲ့သည်။ ထိုကုန်တင်သဘောင်္ကို အမေရိကန် ရေတပ် ဖျက်သင်္ဘောတစင်းမှ နောက်ယောင်ခံ လိုက်လျက် ရှိနေသည်။