A (H1N1) တုပ်ကွေး ကျောင်းတွင်း ပညာပေးများ ရန်ကုန်တွင် ပြုလုပ်

A (H1N1) တုပ်ကွေး ကျောင်းတွင်း ပညာပေးများ ရန်ကုန်တွင် ပြုလုပ်
by -
နန်းဒေဝီ
ရန်ကုန်တိုင်းရှိ အထက်တန်းကျောင်းများ၌ A (H1N1) တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ကျောင်းတွင်း ပညာပေးအစီအစဉ်များ စတင် ပြုလုပ်နေပြီ ဖြစ်သည်။ ကမ္ဘာ့ လူတုပ်ကွေးကပ်ဟု ခေါ်ဆိုသည့် A (H1N1) တုပ်ကွေးရောဂါ ကာကွယ်ရေး ပညာပေး အစီအစဉ် ...

နယူးဒေလီ (မဇ္စျိမ)။     ။ ရန်ကုန်တိုင်းရှိ အထက်တန်းကျောင်းများ၌ A (H1N1) တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ကျောင်းတွင်း ပညာပေးအစီအစဉ်များ စတင် ပြုလုပ်နေပြီ ဖြစ်သည်။
 
ကမ္ဘာ့ လူတုပ်ကွေးကပ်ဟု ခေါ်ဆိုသည့် A (H1N1) တုပ်ကွေးရောဂါ ကာကွယ်ရေး ပညာပေး အစီအစဉ်များကို ရန်ကုန်တိုင်းရှိ ကမာရွတ် အထက်တန်းကျောင်း - အထက ၁ ၊ အင်းစိန် အထက ၁၊ မြောက်ဥက္ကလာ အထက ၅၊ အလုံ အထက ၂ တို့၌ ကျောင်းတွင်း ပညာပေးအစီအစဉ်များဖြင့် ပြုလုပ်လာကြခြင်း ဖြစ်သည်။
 
“နေ့တိုင်းကျောင်း အလံအလေးပြု (assembly) တွေမှာ ဘယ်လို ကြိုတင်ကာကွယ်ရမလဲဆိုတာ ပြောပြတယ်။ ကျောင်းနံရံတွေမှာ တုပ်ကွေးနဲ့ပတ်သက်တဲ့ ပညာပေးစာစောင်တွေ ကပ်ပေးတယ်။ ချောင်းဆိုးတဲ့အခါ လက်ကိုင်ပုဝါ၊ စက္ကူ (tissue) တွေနဲ့ ပါးစပ်ပိတ် ချောင်းဆိုးဖို့တို့၊ ဘေးနားက လူတွေ ချောင်းဆိုးရင် နှာခေါင်း ပိတ်ထားဖို့ အဲဒါတွေ ပြောပြတယ်” ဟု အင်းစိန် အထက ကျောင်းတခုမှ ကျောင်းအုပ်တဦးက ပြောသည်။
 
အလားတူပင် ကမာရွတ် အထက ၁ ကျောင်း၌လည်း ပညာပေးလုပ်ငန်းများကို ယမန်နေ့မှ စတင်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးက ယခုလို ပြောသည်။
 
“ရန်ကုန်မှာက ရောဂါ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးတော့၊ လောလောဆယ် နှာခေါင်းစည်းတွေဝတ်ဖို့ မတိုက်တွန်းထားဘူး။ လက်ကိုင်ပုဝါ၊ Tissue တွေလောက်ကိုတော့ သုံးဖို့ ကလေးတွေကို မှာထားပါတယ်။ ကျောင်းအပြင် အိမ်မှာလည်း ဘယ်လိုနေထိုင်ရမယ်ဆိုတာ ကလေးတွေကို ပြောပြနေရပါတယ်” ဟု ဆရာမကြီးက ဆိုသည်။
 
ဤသည်မှာ ယခုလ ၂၇ ရက်နေ့က အမှတ် ၃ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကြူက ရန်ကုန်တိုင်းရှိ အထက ကျောင်းများမှ ကျောင်းအုပ်များကို ခေါ်ယူကာ ကျောင်းများ၌ A (H1N1) တုပ်ကွေး ပညာပေးများ ပြုလုပ်ရန် ညွှန်ကြားခဲ့ပြီးနောက် ယခုလို ကျောင်းတွင်း ပညာရေးလုပ်ငန်းများ လုပ်ဆောင်လာခြင်း ဖြစ်သည်။
 
ပညာရေး၌ ထိပ်တန်းပြေးနေသည့် ဒဂုံအထက်တန်းကျောင်း အမှတ် ၁ ၌မူ ကျောင်းသားများကို နှာခေါင်းစည်း ဝတ်ဆင်ရန် သီးခြားညွှန်ကြားခြင်း မရှိသေးသော်လည်း ကျောင်းသား ၃ ပုံ ၁ ပုံခန့်သည် နှာခေါင်းစည်းများ ဝတ်ဆင်နေပြီဖြစ်သည်။
 
“နှာခေါင်းစည်းတပ်လာဖို့ ကျမတို့ ပြောထားတာ မရှိပါဘူး။ ဒါပေမဲ့ ကလေးတွေကို မေးကြည့်တော့ သူတို့ မိဘတွေက တပ်ဖို့ပြောလို့ တပ်လာတာပါလို့ ပြောတယ်” ဟု ဒဂုံ အထက ၁ မှ ဆရာမတဦးက မဇ္စျိမကို ပြောသည်။
 
ယခုလ ၂၆ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လာသည့် ၁၃ နှစ်အရွယ် မိန်းကလေး၌ A (H1N1) တုပ်ကွေးရောဂါ ပထမဦးဆုံး တွေ့ရှိခဲ့ကြောင်း မြန်မာစစ်အစိုးရ မီဒီယာများ၌ တရားဝင် ထုတ်ဖော်အသိပေးခဲ့သည်။
 
ရန်ကုန် ဒေသခံများအနေဖြင့် တုပ်ကွေးရောဂါ ကူးစက်ခြင်းကို ကာကွယ်ရန် နှာခေါင်းစည်းများ အလုအယက် ဝယ်ယူနေပြီဖြစ်သဖြင့် ဆေးဝါးရောင်းချသည့် ဆိုင်များ၌ နှာခေါင်းစည်း စျေးနှုန်းများ ယခင်ကထက် အဆမတန် မြင့်တက်သွားသည်။
 
ရိုးရိုးနှာခေါင်းစည်း တခုလျှင် ယခင်က ကျပ် ၅၀ မှ ယခုအခါ ၁၅၀ ၊ Cup Mask ခေါ် ခွက်ပုံသဏ္ဍာန် နှာခေါင်းစည်းသည် ကျပ် ၁၅၀ မှ ၃၀၀ အထိ စျေးနှုန်း မြင့်သွားကြောင်း ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ AA Pharmacy ဆေးဆိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။
 
“မနေ့ တရက်ထဲက အခု ၃၀၀၀ ရောင်းကုန်သွားတယ်။ ဒီမနက်တော့ ပစ္စည်းပြတ်သွားတယ်။ ရုံးသူရုံးသားတွေ ဝယ်တပ်ကြတာ များတယ်” ဟု သူက ပြောသည်။
 
ဝယ်လိုအားများသဖြင့် ဆေးဆိုင်များ၌ ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်သွားသည်။
 
ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် သတင်းဂျာနယ်တခု၏ ရုံးခန်းအတွင်း နှာခေါင်းစည်း ဝတ်ဆင်ရန်အတွက် ရုံးသူရုံးသားများကို အခမဲ့ ဝယ်ပေးကာ၊ တပ်ဆင်ရန်လည်း ဆော်သြထားသည်။
 
“ကျနော်တို့ မီဒီယာသမားတွေအနေနဲ့ ပြည်သူတွေကို ကျန်းမာရေး ပညာပေးအတွက် ကန်ပိန်းလုပ်သင့်ပါတယ်။ ဒါကြောင့် ရုံးက marketing အဖွဲ့ကို နှာခေါင်းစည်းတွေ ဝယ်ခိုင်းတယ်” ဟု အဆိုပါ ဂျာနယ်တိုက်မှ အယ်ဒီတာချုပ်က ပြောသည်။