ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး -နတလ အစီအစဉ်ဖြင့် တည်ဆောက်ထားသော စံပြကျေးရွာများရှိ ရွာသားများသည် စားဝတ်နေရေး ခက်ခဲသဖြင့် နေရပ်ရင်းသို့ ပြန်လည်ထွက်ပြေးမှုများ ရှိနေသည်။
ဘူးသီးတောင်နှင့် မောင်တောမြို.နယ်အတွင်း စံပြရွာများ တည်ဆောက်ထားသည့်အနက် မောင်တောမြို့နယ်ရှိ ခရေမြိုင်၊ ရွှေရင်အေး၊ တောင်ပြိုနှင့် လောင်ဒုံ ရွာများသို့ ယခုနှစ် ဧပြီလတွင် ရောက်ရှိလာသော မိသားစု ၁၅၀ အနက် ယခုအခါ ၃၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရခြင်း ဖြစ်သည်။
“သူတို့က ရောက်လာပြီးလို့ အစိုးရက ပေးတဲ့ပစ္စည်းတွေရတဲ့အခါ ရောင်းစားပြီး ပြန်သွားကြတာ” ဟု မောင်တောမှ ကိုထွန်းဝင်းက မဇ္ဈိမကို ပြောသည်။
နေအိမ်စွန့်ခွာ ထွက်ပြေးမှုနှင့် ပတ်သက်ပြီး လောင်ဒုံရွာသား တဦးကလည်း ဟုတ်မှန်ကြောင်း ပြောဆိုပြီး၊ ဤသည်မှာ အလုပ်အကို်င် ရှားပါးပြီး စားဝတ်နေရေး ခက်ခဲသဖြင့် ယခုလို ဖြစ်ရကြောင်း ပြောဆိုသည်။
သူက “လယ်ပေးတယ်၊ ဆန်ပေးတယ်၊ နွားပေးတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ နွေရာသီမှာ အဲဒီလယ်တွေ နွားတွေနဲ့ ဘာလုပ်စားလို့ ရမှာလဲ။ ကျန်တဲ့ အလုပ်ကလည်း လုပ်စရာမရှိဘူးဆိုတော့ နွားတွေကို ရောင်းစားပြီး ပြည်မဘက်ကို ပြန်ပြေးကုန်ကြတာ” ဟု ပြောသည်။
လာရောက်နေထိုင်သူများ လုပ်ကိုင်စားသောက်ရန်အတွက် အာဏာပိုင်များက ပေ ၈၀-၆၀ မြေကွက်၊ အိမ်တလုံး၊ လယ်၊ နွား နှစ်ကောင်နှင့် ၆ လစာရိက္ခာ ထောက်ပံ့ပေးထားသည်။
ယခုလဆန်းပိုင်းမှ စတင်ကာ ဆိုက္ကားနှင့် လယ်ထွန်စက်ပါ ပေးနေကြောင်း အမည်မဖော်လိုသူ မောင်တောမြို့ မြို့နယ်ကောင်စီ ရုံးဝန်ထမ်းက ပြောသည်။
“စံပြရွာသားတွေကို ဆိုက္ကားတွေ ထောက်ပ့ံပေးမယ့် အစီအစဉ်ကို ဒီလ အစောပိုင်းကတည်းက စနေပါပြီ။ အရင်က ထောက်ပံ့တဲ့ လယ်နဲ့ နွားတွေအပြင် အပိုထပ်ပြီး ထောက်ပံ့တာပါ” ဟု သူက ပြောသည်။
၂၀၀၁ ခုနှစ်မှ စတင်၍ ပြည်မပိုင်းမှ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ ထောင်ထွက်များ၊ စစ်ထွက်များအား စုစည်းကာ နတလ စံပြကျေးရွာများ တည်ဆောက်ပေးပြီး ပြန်လည် နေရာချထားလာခဲ့သည်။
နတလ စံပြရွာများကို ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်း တည်ဆောက်ခဲ့ရာ ရွာတရွာလျှင် အိမ်ခြေ ၁၀၀ နှုန်းဖြင့် ရွာ ၁၀၀ တည်ဆောက်ရေး စီမံကိန်းဖြစ်ပြီး၊ ယခုအခါ မိသားစု ၂၅၀၀ ခန့် ရောက်ရှိသည်။
ဤ နှစ်မြို့နယ်အတွင်း နေထိုင်သူများမှာ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ အများစု ဖြစ်သည်။
Published
Tuesday, June 30, 2009 - 21:22
စံပြရွာသားများ နေအိမ်များကို စွန့်ခွာထွက်ပြေး
ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး -နတလ အစီအစဉ်ဖြင့် တည်ဆောက်ထားသော စံပြကျေးရွာများရှိ ရွာသားများသည် စားဝတ်နေရေး ခက်ခဲသဖြင့် နေရပ်ရင်းသို့ ပြန်လည်ထွက်ပြေးမှုများ ရှိနေ ...