နယူးဒေလီ (မဇ္စျိမ)။ ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှ စတင်ကာ အပူရှိန် ပြင်းထန်သည့် အပူလှိုင်း ကျရောက်ခဲ့သဖြင့် မြန်မာဒုက္ခသည်များ ရောဂါဝေဒနာများ ဖြစ်ပွားခဲ့သည်။
အပူချိန် ၄၇-၄၈ ဒီဂရီ စင်တီဂရိတ်ထိ မြင့်မားသည့် အပူလှိုင်းကြောင့် မြန်မာဒုက္ခသည် ကလေး၊ လူကြီးများ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း၊ အရေပြားယားယံခြင်း၊ အဖုအပိမ့်ပေါက်ခြင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“အခုတလော ဆေးခန်းလာတဲ့ လူနာတွေက ကလေးလူကြီး၊ ယောက်ျားမိန်းမ အပူရှိန်နဲ့ ပတ်သတ်တဲ့ လူနာတွေ များလာတယ်။ အဖျားများတဲ့ လူတွေ၊ ကလေးတွေ များတယ်။ တချို့ဆို ၁၀၃ ၊ ၁၀၅ ထိရောက်တဲ့ လူနာတွေ ရှိတယ်။ ပူလွန်းလို့ အရေဖျားပေါ်မှာ ယားတဲ့ အဖု၊ နီတဲ့ အဖုတွေ ပေါက်တဲ့ လူနာတွေလည်း လာကြတယ်” ဟု နယူးဒေလီအခြေစိုက် ယမုံနာ အခမဲ့ဆေးပေးခန်းမှ ဒေါက်တာတင့်ဆွေက မဇ္စျိမကို ပြောသည်။
“အပူရှိန်ကြောင့် ဝမ်းလျှောဝမ်းပျက်တွေလည်း လာကုတယ်။ သူတို့ကို ဆေးခန်းက ဓာတ်ဆားကို ပါးစပ်က တိုက်ရတယ်။ ကိုယ်ခန္ဓာထဲ သွင်းရတာ ရှိတယ်။ တချို့ဆို သွေးပြန်ကြောကနေ စလိုင်း သွင်းရတာတွေ ရှိတယ်။ လာကုတဲ့ လူနာတွေမှာ ရေဓာတ်ရော၊ ဆားဓာတ်တွေပါ ခမ်းခြောက်လာတယ်။ ပူလွန်းလို့ဖြစ်တဲ့ ရောဂါတွေ များလာတယ်။ အပူရှိန်များတဲ့အတွက် သာမန်ဖြစ်နေတဲ့ ရောဂါတွေထက် ပိုခံစားရတယ်” ဟု သူက ဆိုသည်။
နယူးဒေလီမြို့၌ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှ စတင်ကာ ၄ ရက်ခန့်အထိ ၄၇-၄၈ ဒီဂရီ စင်တီဂရိတ်ရှိသည့် အပူလှိုင်း ကျရောက်တွင် လျှပ်စစ်မီးများလည်း အကြိမ်ကြိမ် ပြတ်တောက်ခဲ့သဖြင့် အိန္ဒိယနိုင်ငံသားများနည်းတူ မြန်မာနိုင်ငံသား ဒုက္ခသည်များလည်း အပူဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရခြင်း ဖြစ်သည်။
၆ လ သားအရွယ် ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်လှိုင်က “တအား အပူများတဲ့အတွက် ကလေးက မနေနိုင်ဘူး။ Cooler ရှေ့ (လေအေးစက်) မှာပဲ အမြဲ နေနေရတယ်။ အဲဒီ Cooler ရှေ့မှာပဲ ထားရတယ်။ လည်ပင်းတွေမှာ မိတ်တွေလိုပဲ ရဲနေတဲ့ အဖုတွေ ထွက်နေတယ်။ ကလေးက မနေနိုင်ဘူး၊ ပေါင်ဒါ သိပ်ပေးနေရတယ်” ဟု ပြောသည်။
လျှပ်စစ်မီး ပြတ်တောက်မှု များသဖြင့် ရေတင်သည့် မော်တာစက်များ မဖွင့်နိုင်သောကြောင့် လူဦးရေ ၂၀ ခန့် စုပေါင်းနေထိုင်သည့် နေအိမ်တခု၌ ရေ၊ မီး အခက်အခဲကြံုတွေ့ရပုံကို ချင်းတိုင်းရင်းသား ကိုလွန်လွန်းက ယခုလို ပြောပြသည်။
“ကလေးတွေနဲ့ဆိုတော့ မလွယ်ဘူး။ မီးကလည်း တရက်ကို ၄ ကြိမ်၊ ၅ ကြိမ် ပျက်တယ်။ ညလည်း ပျက်တယ်။ ရေကလည်း လုံလုံလောက်လောက် မရဘူး။ ဒုတိယထပ်မှာဆိုတော့ ရေမရဘူး။ တတိယထပ်ဆိုရင်တော့ တော်တော်ကို ခက်တယ်။ ရေက တခြားနေရာက ယူရတယ်။ သောက်ရေကလည်း မရဘူးဆိုတော့ တော်တော်လေး ခက်နေတယ်” ဟု သူက ပြောသည်။
“ကလေးတွေက အပူဝမ်းသွားတာတွေ ရှိတယ်။ ဖျားတဲ့ နာတဲ့ လူတွေ ရှိတယ်။ တအားပူတဲ့ အချိန်ကျတော့ အဝတ်ကို ရေစွတ်ပြီးတော့ ခြေထောက်တွေ နည်းနည်းတွေစီ စိုခိုင်းတယ်။ မီးက ည ၂ နာရီလောက် ပျက်ပြီဆိုရင်တွေ ကလေးရော လူကြီးရော အပြင်ထွက် အိပ်ရတယ်” ဟု သူက ဆိုသည်။
အပူရှိန်ပြင်းထန်နေချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှု များသဖြင့် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ဌာနများရှေ့၌ အိန္ဒိယနိုင်ငံသားများ၏ ဆန္ဒပြပွဲများလည်း ပေါ်ပေါက်ခဲ့သည်။
ဒေလီပြည်နယ်အနီးတွင် တည်ရှိသည့် ရာဂျပ်စတန်နှင့် ဘီဟားပြည်နယ်တွင် လူဦးရေ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
Published
Monday, June 29, 2009 - 23:24
အပူလှိုင်းကြောင့် မြန်မာဒုက္ခသည်များ ရောဂါဝေဒနာများ ဖြစ်ပွား
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှ စတင်ကာ အပူရှိန် ပြင်းထန်သည့် အပူလှိုင်း ကျရောက်ခဲ့သဖြင့် မြန်မာဒုက္ခသည်များ ရောဂါဝေဒနာများ ဖြစ်ပွားခဲ့ ...