နယူးဒေလီ။ ။ ရန်ကုန်မြို့ တေးသီချင်းခွေ ထုတ်လုပ်မှုသည် လွန်ခဲ့သည့် ၂ နှစ်ကျော် ကာလများနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ်တွင် ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း တေးဂီတအသိုင်းအဝိုင်း အဆိုအရ သိရသည်။
၂၀၀၈ ခုနှစ်မှ စတင်ကာ တေးဂီတလောကအတွင်း တေးသီချင်းခွေ ထုတ်လုပ်မှုများ ကျဆင်းလာရာမှ ယခုနှစ် ပထမ ၆ လပတ်အတွင်း ထုတ်လုပ်မှုသည် ယခင် ၂ နှစ်ကျော် ကာလများအတွင်း ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း ခန့်မှန်းပြောဆိုကြခြင်း ဖြစ်သည်။
''ခွေထွက်နှုန်းက ခါတိုင်းထက်စာရင် အရမ်းနည်းတယ်လို့ ပြောလို့ရတယ်။ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ တုန်းကဆိုရင် အဆိုတော် အဟောင်းတွေရော၊ အသစ်တွေပါ ခွေ အများကြီး ထုတ်နိုင်ခဲ့ကြတယ်။ ၂၀၀၈ ကနေစပြီး နည်းပြီ။ ဒီ ၂၀၀၉ မှာ ပိုနည်းသွားတယ်။ ကျနော်ထင်တယ် ခါတိုင်းရဲ့ ၂၀ ရာခိုင်နှုန်း လောက်ပဲ ရှိမယ်ထင်တယ်'' ဟု နာမည်ကြီး တေးရေးဆရာနှင့် တေးသံရှင် ဆောင်းဦးလှိုင်က မဇ္စျိမကို ပြောသည်။
လသာမြို့နယ်ရှိ လသာတေးသံသွင်းဆိုင်မှ တာဝန်ရှိသူတဦးကလည်း ၂ဝဝ၈ ခုနှစ်ကထက် ယခုနှစ် တေးထုတ်လုပ်မှုမှာ ၅၀ နှုန်းကျော် ကျဆင်းသွားကြောင်း ပြောဆိုသည်။
သီချင်းခွေ ထုတ်လုပ်ရန်မှာ ငွေကြေး အမြောက်အမြား ရင်းနှီးမတည်သော်လည်း တရားမဝင် ကော်ပီကူးယူ ရောင်းချမှုများကြောင့် အရင်းပြန်မရဘဲ ဆုံးရှုံးသဖြင့် ခွေထွက်နှုန်း ကျဆင်းရကြောင်းနှင့် လသာအနေဖြင့် ၂ဝဝ၆ - ၂ဝဝ၇ ခုနှစ်များတွင် ပျမ်းမျှအားဖြင့် တနှစ်လျှင် ၃ ခွေခန့် ထုတ်လုပ်ခဲ့ရာမှ ၂၀၀၈ တွင် တခွေသာ ထုတ်နိုင်ပြီး၊ ယခုနှစ်အတွက်မူ တခွေမျှပင် ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း သူက ဆက်ပြောသည်။
''ခွေတခွေ ထွက်ဖို့အတွက် ငွေအများကြီး ရင်းထားပြီးကာမှ ခိုးကူးတွေက စျေးပေါပေါနဲ့ ချရောင်းတဲ့အခါ အရင်းပြန်မရတာတွေ ဖြစ်လာတော့ အဆိုတော်ရော ထုတ်လုပ်သူကပါ လက်တွန့်နေကြပြီလေ။ ဒါကြောင့် ခွေထွက်နှုန်း နည်းသွားတာပါ'' ဟု သူက ပြောသည်။
မူရင်းခွေတခွေ၏ တန်ဖိုးမှာ ကျပ်ငွေ ၁၅၀၀ ဝန်းကျင်ရှိသော်လည်း ခိုးကူးခွေ၏ တန်ဖိုးမှာမူ ကျပ် ၃၅၀ ခန့်သာ ရှိကြောင်း သိရသည်။
၂၀၀၂ ခုနှစ်ခန့်မှ စတင်၍ ခိုးကူးခွေများ တစထက်တစ များပြားလာရာမှ ပုဂ္ဂလိက ထုတ်လုပ်သူများအနေဖြင့် အရှုံးပေါ်မည်ကို စိုးရိမ်သောကြောင့် ခွေအထွက် လျှော့ချသွားသော်လည်း ကုမ္ပဏီနှင့် ဟိုတယ်ကြီးများက လုပ်ငန်းကြော်ငြာအတွက် အရှုံးအမြတ် ပဓာနမထားဘဲ ငွေကြေးစိုက်ထုတ်ပေးမှုများ ရှိနေကြောင်း သိရသည်။
ကိုဆောင်းဦးလှိုင်က ''ကော်ဖီမစ်တို့၊ ရေသန့်တို့၊ ဘီယာလည်း ပါရင်ပါမယ်ပေါ့။ နောက် နာမည်ကြီး ဟိုတယ်တခုခုပေါ့။ တနည်းအားဖြင့် သူဋ္ဌေးအသိုင်းအဝိုင်းပေါ့။ အဲဒါတွေရဲ့ အထောက်အပံ့ တခုခုပါမှ ထုတ်နေကြတဲ့ အခြေအနေမှာ ရှိတယ်။ အဆိုတော်ကြီးတွေတောင် အဲဒါမျိုးတွေနဲ့ ထွက်နေတာကို ကျနော်တို့ တွေ့ရတယ်လေ'' ဟု ပြောသည်။
သူ့အနေဖြင့် လာမည့်ကာလတွင် တေးသီချင်းစီးရီး ထုတ်လုပ်မည်ဆိုပါက လူလတ်တန်းစားများအတွက် စူပါမတ်ကက်များ၌ တခွေလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး၊ အခြေခံ လူတန်းစားများအတွက်မူ တခွေလျှင် ကျပ် ၅ဝဝ နှုန်းဖြင့် ရောင်းချပေးသွားမည်ဟု ဆိုသည်။
Published
Monday, June 29, 2009 - 23:24
မြန်မာတေးသီချင်း ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းခန့် ကျဆင်း
ရန်ကုန်မြို့ တေးသီချင်းခွေ ထုတ်လုပ်မှုသည် လွန်ခဲ့သည့် ၂ နှစ်ကျော် ကာလများနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ်တွင် ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း တေးဂီတအသိုင်းအဝိုင်း အဆိုအရ သိရ ...