NDAK ကချင်လက်နက်ကိုင်အဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံ

NDAK ကချင်လက်နက်ကိုင်အဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံ
by -
ဖနိဒါ၊ မျိုးကြီး
မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကချင် ဒီမိုကရက်တစ် တပ်မတော်က နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရန် သဘောတူလိုက်ကြောင်း အဖွဲ့ ဥက္ကဋ္ဌက ယနေ့ ပြောဆို ...

ချင်းမိုင်၊ ရွှေလီ (မဇ္ဈိမ)။    ။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကချင် ဒီမိုကရက်တစ် တပ်မတော်က နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရန် သဘောတူလိုက်ကြောင်း အဖွဲ့ ဥက္ကဋ္ဌက ယနေ့ ပြောဆိုသည်။
 
ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းနှင့် ကချင် ဒီမိုကရက်တစ် တပ်မတော် - NDAK ခေါင်းဆောင်များအကြား မြန်မာစစ်အစိုးရ သတ်မှတ်ပေးထားပြီး တရုတ်နယ်စပ်အနီး တည်ရှိသော ကချင်အထူးဒေသ (၁) ပန်ဝါမြို့၌ ယခုလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးရာ၌ သဘောတူကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
 
“ကျနော်တို့ ဌာနချုပ် ပန်ဝါ ဗဟိုဌာနချုပ်မှာပဲ။ အဲဒီအစည်းအဝေးမှာ နေရာတကာက သိတဲ့၊ ကြားနေရတဲ့ ကျနော်တို့ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းသွားဖို့ ဆွေးနွေးတယ််။ လက်ခံသဘောတူပါတယ်။ ဒီနှစ် မကုန်ခင်တော့ ပြီးမယ်လို့ ထင်တယ်” ဟု NDAK ဥက္ကဋ္ဌ ဆခုန်တိန့်ယိင်းက မဇ္စျိမကို ပြောသည်။
 
သူက ဆက်ပြီး “ကျနော်တို့အဖွဲ့က ငြိမ်းချမ်းရေးတပ်ဖွဲ့ ဖြစ်တယ်။ နိုင်ငံတော်ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့ မဟုတ်ပါဘူး။ ကျနော်တို့ဒေသကို ဆက်လက်ပြီးမှ ကာကွယ်ဖို့ နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့ဖို့ ပြင်ဆင်ပါတယ်။ သဘောတူတယ်” ဟု ပြောသည်။
 
ဆွေးနွေးပွဲသို့ မပခ တိုင်းမှူးနှင့် ဌာနဆိုင်ရာ ဦးစီးအရာရှိများ၊ NDAK မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဦးဆခုန်တိန့်ယိင်းနှင့် အရာရှိများ တက်ရောက်ခဲ့ကြသည်။
 
နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲသွားမည့် အစီအစဉ်များနှင့်အတူ ရွေးကောက်ပွဲ ဝင်ရောက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကချင်တိုင်းရင်းသား အခွင့်အရေးကို ကချင် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် နေထိုင်နိုင်ရန် တောင်းဆိုထားကြောင်း ဦးဆခုန်တိန့်ယိင်းက ဆိုသည်။
 
“ဒီပုံစံကတော့ နိုင်ငံပိုင် တိုင်းရင်းသား သီးခြား အခွင့်အရေးကို တောင်းဆိုတဲ့ အဆင့်ပဲ ရှိသေးတယ်။ ပြောင်းပြီးမှ လက်နက်ကိုင်တဲ့လူက သီးသန့််ဖြစ်သွားမယ်။ ကျန်တဲ့လူတွေက ဘဝသစ် ပြန်ပြီးတော့ ဆောက်ဖို့ လုပ်သွားမယ်” ဟု သူက ပြောသည်။
 
မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ပြောဆိုထားသည့်အနက် NDAK က ယခုလို သဘောတူလိုက်သော်လည်း၊ KIO ခေါ် ကချင် လွတ်မြောက်ရေးအဖွဲ့နှင့် UWSA ခေါ် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကမူ မကြာသေးခင်က ငြင်းဆိုခဲ့ကြသည်။
 
မပခ တိုင်းမှူးနှင့် KIO ထိပ်တန်းခေါင်းဆောင်များသည် မြစ်ကြီးနားမြို့၌ ယခုလ ၂ဝ ရက်နေ့က ဆွေးနွေးခဲ့ရာ KIO က သဘောမတူကြောင်း ငြင်းဆိုခဲ့သည်ဟု KIO နှင့် နီးစပ်သူများက ပြောသည်။
 
ထို့အပြင် စစ်ဖက်ဆိုင်ရာ လုံခြံုရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့် အဖွဲ့သည် ယခုလ ရ ရက်နေ့က UWSA တည်ရှိရာ ရှမ်းပြည်မြောက်ပိုင်း ပန်ဆန်းမြို့ Pang Hsang သို့ သွားရောက်တွေ့ဆုံခဲ့ရာ အသွင်ပြောင်းလဲရေး လက်မခံခဲ့ပေ။ ထိုသို့ ငြင်းဆိုခဲ့ပြီးနောက် စစ်အစိုးရနှင့် သူတို့အကြား နှစ်ဖက်တင်းမာမှုများ ရှိနေကြောင်း အမည်မဖော်လိုသူ UWSA အရာရှိတဦးက ပြောသည်။
 
KIO နှင့် UWSA နှစ်ဖွဲ့စလုံးက စစ်အစိုးရ၏ နယ်ခြားတပ်အရေး လက်မခံသော်လည်း နောက်တက်လာမည့် အစိုးရသစ်နှင့် ဆက်လက်ဆွေးနွေးမည်ဟု ဆိုခဲ့သည်။
 
ဦးဆခုန်တိန့်ယိင်း ဦးဆောင်သည့် NDAK သည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ကချင်လူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေးများ ရရှိရန် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည့် KIO ၏ လက်နက်ကိုင်တပ် KIA က ၁၉၆၈ ခုနှစ်တွင် ပန်ဝါဒေသ၌ တပ်မဟာ ၃ စစ်ဌာနချုပ်အဖြစ် ဖွင့်လှစ်သည့် တပ်ဖြစ်သည်။
 
နောက်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ ၏ ၁၀၁ စစ်ဒေသအဖြစ် ပါဝင်လှုပ်ရှားခဲ့ကာ ဗကပမှ ခွဲထွက်ပြီး ၁၉၈၉ ခု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။