ချင်းမိုင် (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ် တရားရုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းသူ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင်ကို မတရား ချုပ်နှောင်ခဲ့သလို၊ ရှေ့နေပင် ငှားရမ်းခွင့် မရကြောင်း ယင်းမြို့နယ် ပါတီ ခေါင်းဆောင်တဦးက ပြောသည်။
ရန်ကုန်တိုင်း တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်အား လောင်းကစားမှုဖြင့် စွပ်စွဲ၍ ပြီးခဲ့သည့်လ ရ ရက်နေ့က နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့ပြီး ရန်ကုန်မြို့ အင်းစိန်ထောင် အတွင်း၌ ချုပ်နှောင်ထား၍ တွံတေးမြို့နယ် တရားရုံးသို့ ရုံးထုတ် စစ်ဆေးနေရာ၌ အမှုအတွက် ရှေ့နေ လိုက်ပါခွင့် မပြုသည့်အပေါ် သူက ပြောဆိုခြင်း ဖြစ်သည်။
“ရဲထွဋ်ခေါင် ရုံးချိန်းမှာ မြို့နယ် တွဲဘက်တရားသူကြီး ဦးရန်အောင်ကနေ ရှေ့နေလိုက်ပါခွင့် လုံးဝမပြုဘူး။ ရဲထွဋ်ခေါင် ထွက်တဲ့ ထွက်ချက်တွေကိုလည်း မှတ်တမ်းတင် မပေးဘူး။ တဖက်သတ် စစ်ဆေးတယ်ပေါ့နော်။ အပြန်လှန် မေးမြန်းခွင့်လည်း မပေးဘူး။ အဲဒီလို စစ်ဆေးတာပဲ ကျနော်တို့ တွေ့ရတယ်” ဟု ယင်းမြို့နယ် ပါတီ တွဲဘက်အတွင်းရေးမှူး ကိုဇော်မင်းထွန်းက မဇ္စျိမကို ပြောသည်။
ပြစ်မှု ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ နိုင်ငံရေးသမားများကို “နှိပ်ကွပ်” နေချိန်ဖြစ်သောကြောင့် ပုဒ်မတပ် လိုက်သည်နှင့် ထောင်ချမည်သာ ဖြစ်ကြောင်း သူက ဆိုသည်။
ထို့အပြင် ဒေါ်စု၏ မွေးရက်ဖြစ်သော ယခုနှစ် ဧပြီလ ၂၁ ရက် (အင်္ဂါနေ့) က တွံတေးမြို့နယ် ဇီးဖြူကုန်းရွာရှိ ဖက်တရာ စေတီတော်ကြီး၌ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပါတီဝင်များနှင့် ရွာသားများ၏ ဆုတောင်းပွဲ ကျင်းပခဲ့သေးသည်။
ထိုဆုတောင်းပွဲ၌ ပါဝင်ခဲ့သဖြင့် မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေနှင့် မြို့နယ်စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေအား ဖမ်းဆီးကာ မြို့နယ်တရားရုံးမှ တရားသူကြီး ဦးအေးကိုကိုက သာသနာ ညှိးနွမ်းစေမှုဖြင့် တရားစွဲခဲ့ပြီးနောက် ယခုလ ၁၆ ရက်နေ့၌ ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်ခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍လည်း မြို့နယ် ပါတီတွဲဘက် အတွင်းရေးမှူး ကိုဇော်မင်းထွန်းက “သူတို့ကို ရဲတပ်ဖွဲ့ဝင်တွေက ဘုရားဝတ်ပြုနေတုန်း သွားဖမ်းလာပြီး အချုပ်ထဲ ထည့်လိုက်တာ။ ဝတ်ပြု ဆုတောင်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အမြန်ဆုံးလွတ်ပါစေ ဆိုပြီးတော့ စက္ကူ သာသနာအလံရဲ့ အနောက်မှာ ရေးထားလို့ သာသနာ ညှိုးနွမ်းအောင် လုပ်တယ်ဆိုပြီးတော့ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် သာသနာဦးစီးက လာပြီး အမှုဖွင့် ဆွဲလိုက်တာပဲ” ဟု ပြောသည်။
အဆိုပါ ဝတ်ပြု ဆုတောင်းပွဲအား လာရောက်ဟန့်တား နှောင့်ယှက်သဖြင့် ဇီးဖြူကုန်းရွာ ရယက ဥက္ကဋ္ဌ ဦးကျော်ရွှေနှင့် အဖွဲ့အား သာသနာ ညှိုးနွမ်းစေရန် ပြုလုပ်သည်ဟု စွပ်စွဲ၍ တရားစွဲထားသူ ဇီးဖြူကုန်းရွာသူ ဒေါ်တရုတ်မ၏ အမှုကိုမူ တွံတေးမြို့နယ် တရားရုံးက ပြစ်မှု မမြောက်ဟုဆို၍ တဖက်သတ် ပယ်ချခဲ့ကြောင်းလည်း သူက ထောက်ပြဝေဖန်လိုက်သည်။
Published
Tuesday, June 23, 2009 - 19:42
ရှေ့နေပင် ငှားရမ်းခွင့် မရဟု တွံတေး အန်အယ်ဒီ ပြော
ရန်ကုန်တိုင်း တွံတေးမြို့နယ် တရားရုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းသူ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင်ကို မတရား ချုပ်နှောင်ခဲ့သလို၊ ရှေ့နေပင် ငှားရမ်းခွင့် မရကြောင်း ယင်းမြို့နယ် ပါတီ ခေါင်းဆောင်တဦးက ပြော ...