စာပေနှင့် စာနယ်ဇင်း ရုံးအဖွဲ့မှူး ကိုယ်တိုင် အဆုံးစီရင်သွား

စာပေနှင့် စာနယ်ဇင်း ရုံးအဖွဲ့မှူး ကိုယ်တိုင် အဆုံးစီရင်သွား
by -
ဖနိဒါ
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းဌာန ရုံးအဖွဲ့မှူး ဦးမြင့်လွင်သည် ရန်ကုန်ရှိ ရုံးခန်းတည်ရှိရာ သုံးထပ်တိုက််ပေါ်မှ ယနေ့ နံနက်ပိုင်းက ခုန်ချကာ အဆုံးစီရင်သွားကြောင်း အဖွဲ့ဝင်များ အဆိုအရ သိရ ...

 
ချင်းမိုင်(မဇ္ဈိမ)။     ။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းဌာန ရုံးအဖွဲ့မှူး ဦးမြင့်လွင်သည် ရန်ကုန်ရှိ ရုံးခန်းတည်ရှိရာ သုံးထပ်တိုက််ပေါ်မှ ယနေ့ နံနက်ပိုင်းက ခုန်ချကာ အဆုံးစီရင်သွားကြောင်း အဖွဲ့ဝင်များ အဆိုအရ သိရသည်။
 
မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ဦးမြင့်လွင် (၆၅ နှစ်) သည် ကျောက်တံတားမြို့ ကုန်သည်လမ်းပေါ်ရှိ စာပေဗိမာန် အပေါ်ထပ်၌ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ချုပ် ရုံးခန်းတည်ရှိရာ သုံးထပ်တိုက်ပေါ်မှ ခုန်ချကာ သေဆုံးသွားခြင်း ဖြစ်သည်။
 
“ဒီမနက် ၁၀ နာရီလောက်က သူ ရုံးလာပြီးတော့ ပုံမှန် အစည်းအဝေး တခုအတွက် ခုံတွေဘာတွေ အားလုံး စီစဉ်ပေးတယ်။ အားလုံးလည်း ပြင်ဆင်လည်းပြီးရော သူက ပြတင်းပေါက်ကြီးအပေါ်ကနေ ခုန်ချသွားတယ်” ဟု အစည်းအဝေး သွားရောက်ခဲ့သူ စာနယ်ဇင်းအဖွဲ့ဝင် တဦးက မဇ္စျိမကို ပြောသည်။
 
အခြား အဖွဲ့ဝင်တဦးကလည်း “သူ့စားပွဲပေါ်မှာ စာတစောင် ရေးသွားတယ်။ အများပိုင်ပစ္စည်းကို ထိန်းသိမ်းရမှာ ပေ့ါဆတဲ့အတွက်၊ အများပိုင်ပစ္စည်း ဆုံးရှုံးသွားတဲ့အတွက် သူ့မှာ တာဝန်ရှိပါတယ် ဆိုပြီးတော့ ရေးသွားတယ်” ဟု ပြောသည်။
 
သူက ဆက်ပြီး “လက်ပတ်နာရီ၊ ဘောပင်နဲ့  (ကျပ်) ၅၀၀ တန် နှစ်ရွက်ကို ညှပ်ထားတယ်။ ဖိနပ်ချွတ်ထားတယ်” ဟု ပြောသည်။
 
ဤကိစ္စနှင့်ပတ်သက်ပြီး စာနယ်ဇင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ ပြောဆိုခွင့် မရှိသေးကြောင်း တာဝန်ရှိသူ တဦးက တုံ့ပြန်ပြောဆိုသည်။
 
အဆိုပါ တာဝန်ရှိသူက “မမေးပါသေးနဲ့။ အခု အဲဒါတွေနဲ့ စည်းဝေးလုပ်နေတယ်။ ဖြေလို့လည်း မရပါဘူး။ မမေးပါနဲ့ ဒီကိစ္စကို၊ မမေးပါနဲ့ တောင်းပန်ပါတယ််” ဟု ပြောသည်။
 
မြန်မာနိုင်ငံ စာနယ်နှင့် စာနယ်ဇင်းအဖွဲ့သည် မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ဖွင့်လှစ်ထားသည့် စာပေအဖွဲ့အစည်းတရပ် ဖြစ်သည်။
 
ယခုအခါ ဦးမြင့်လွင်၏ ရုပ်အလောင်းအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ထားရှိကြောင်းနှင့် သေဆုံးချိန်တွင် ဇနီးသည်၊ သားနှင့် သမီး ကျန်ရစ်ခဲ့ကြောင်း သိရသည်။