တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဇူလိုင်တွင် စာရင်းပေးရမည်

တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဇူလိုင်တွင် စာရင်းပေးရမည်
by -
မေကျော်
ထိုင်းနိုင်ငံရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား တရားမဝင် ရွှေ့ပြောင်းလုပ်သားများ လာမည့်လအတွင်း မှတ်ပုံတင် စာရင်းပေးသွင်းရမည် ဖြစ်သည်။ ယခုပြုလုပ်ပေးမည့် ယာယီ အလုပ်သမား မှတ်ပုံတင်ကတ်ကို မြန်မာ၊ လားအိုနှင့် ကမ္ဘောဒီးယား တရားမဝင် လုပ်သားများ ...

 
ချင်းမိုင် (မဇ္စျိမ)။    ။ ထိုင်းနိုင်ငံရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား တရားမဝင် ရွှေ့ပြောင်းလုပ်သားများ လာမည့်လအတွင်း မှတ်ပုံတင် စာရင်းပေးသွင်းရမည် ဖြစ်သည်။
 
ယခုပြုလုပ်ပေးမည့် ယာယီ အလုပ်သမား မှတ်ပုံတင်ကတ်ကို မြန်မာ၊ လားအိုနှင့် ကမ္ဘောဒီးယား တရားမဝင် လုပ်သားများကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထိုင်း အလုပ်သမား ဝန်ကြီးဌာန၏  ရွှေ့ပြောင်းလုပ်သားများအတွက် ထုတ်ပြန်သည့် တရားဝင် ကြေညာချက်မှ သိရသည်။
 
ယခုလ ၁၇ ရက်နေ့က ထိုင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ပညာရှင်များ၊ အဖွဲ့အစည်းများ ဘန်ကောက်မြို့တွင် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အကောင်းဆုံး မူဝါဒတခု ချမှတ်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုလို ကြေညာချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
 
ထိုဆွေးနွေးပွဲ၌ တရားဝင် လုပ်သားများအဖြစ် မှတ်ပုံတင်ရန်အတွက် ထောက်ခံပေးမည့် အလုပ်ရှင် လတ်တလော လိုအပ်ပြီး မှတ်ပုံတင်ပြီးနောက်ပိုင်း တရားဝင် လုပ်သား မှတ်ပုံတင် ထုတ်ပေးရန် စစ်ဆေးချိန်တွင်မူ သက်ဆိုင်ရာ နိုင်ငံသား အဖြစ်အသိအမှတ်ပြုလက်မှတ်တို့ လိုအပ်မည်။
 
“မြန်မာ လုပ်သားတွေအနေနဲ့ ကိုယ့်ကို ထောက်ခံပေးမယ့် အလုပ်ရှင်ကိုရှာပြီး ဇူလိုင် ဒုတိယပတ်မှာ မဖြစ်မနေ မှတ်ပုံတင် စာရင်း သွင်းထားစေချင်ပါတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ အမျိုးသား ညွန့်ပေါင်းအစိုးရ - NCGUB ၏ ဒုက္ခသည်နှင့် ရွှေ့ပြောင်းလုပ်သားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။
 
အလုပ်သမား မှတ်ပုံတင်ကတ်ကို ပန်းရောင်၊ အလုပ်လုပ်ခွင့်အတွက်မူ အရောင် ၆ မျိုး ခွဲခြားထားမည် ဖြစ်သည်။
 
ပင်လယ်ပြင်ငါးဖမ်းက မိုးပြာရောင်၊ ပင်လယ် အစားအသောက်ထုတ်လုပ်ငန်းက လိမ္မော်ရောင်၊ လယ်ယာနှင့် မွေးမြူရေးလုပ်ငန်းအတွက် အစိမ်းရောင်၊ ဆောက်လုပ်ရေး လုပ်ငန်းက အဝါရောင်နှင့် အိမ်တွင်းမှုလုပ်ငန်းက မီးခိုးရောင်နှင့် အခြားလုပ်ငန်းများအတွက် အညိုရောင်အဖြစ် ခွဲခြားထားသည်။
 
ဇူလိုင်လ ၃၀ ရက်အတွင်း မှတ်ပုံတင်ခြင်း မပြုနိုင်ပါက သြဂုတ်လ ၁၀ ရက်အတွင်း အပြီး မှတ်ပုံတင်ရမည်ဟု ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။
 
ထိုင်းအလုပ်သမား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကမူ တရားမဝင် လုပ်သားများ ဆုံးရှုံးနေရသည့် အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ တရားဝင် ယာယီလုပ်သား ကဒ်များ ထုတ်ပေးနိုင်ရန် အရေးကြီးကြောင်း ယခုလ ရ ရက်နေ့က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။

Most read this week