နယူးဒေလီ (မဇ္စျိမ) ။ ။ နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဖေသိန်းသည် ရန်ကုန်ရှိ သူ၏ နေအိမ်၌ ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်သည်။
အသက် ၂၀ နှစ် ဝန်းကျင်မှ စတင်ကာ သတင်းစာများနှင့် မဂ္ဂဇင်းများ၌ ကာတွန်းများ တောက်လျှောက် ရေးဆွဲလာသည့် ဆရာကြီး (၈၆ နှစ်) သည် ယနေ့ နံနက် ၄ နာရီခန့်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
“ ဆရာက လေဖြတ်တာက ၁၀ နှစ်လောက်ရှိပြီး သူ့မိသားစုက ပြုစုတာကောင်းလို့ ဒီလောက်အထိ အသက် ရှည်တာဖြစ်တယ်” ဟု ကာတွန်းဆရာ အော်ပီကျယ်က မဇ္စျိမကို ပြောသည်။
ဆရာကြီးကို ၁၉၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပန်းတနော်မြို့၌ ဖွားမြင်ခဲ့ကာ၊ ၁၉၄၅ ခုနှစ်တွင် အထက်တန်း ပညာအဆင့် အောင်မြင်ခဲ့သည်။
၁၉၄၅ ခုနှစ်မှ စတင်ကာ ဒီးဒုတ်ဂျာနယ်တွင် ကလေးများကဏ္ဍ၌ သရုပ်ဖော်ပုံများ ရေးဆွဲခဲ့ပြီး၊ ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာသင်ကြားခဲ့သည်။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့် အိုးဝေ မဂ္ဂဇင်း၌လည်း ကာတွန်းနှင့် ပန်းချီတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ရာမှ၊ ၁၉၄၇ ခုနှစ်တွင်မူ ဆရာကြီး ကာတွန်း ဦးဘဂျမ်း၏ မြေတောင်မြှောက်ပေးမှုကြောင့် အိုးဝေတွင် သတင်းစာ ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။
၁၉၅၇ ခုနှစ်တွင် ဆရာကြီး ရွှေပြည်ဦးဘသွင် ပါဝင်သည့် ကမ္ဘာ့စာရိတ္တ မြှင့်တင်ရေးအဖွဲ့မှ ဖိတ်ကြားသဖြင့် အမေရိကန်နိုင်ငံသို့ ၂ လကြာ သွားရောက်ခဲ့ပြီး ပန်းချီ၊ ကာတွန်းများကို လေ့လာခွင့် ရရှိခဲ့သေးသည်။
၁၉၆၀၊ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတွင် အိုးဝေ၊ ဟံသာဝတီ၊ မြန်မာ့အလင်း၊ ရန်ကုန်၊ ဗမာ့ခေတ်၊ ကြေးမုံ၊ လုပ်သား သတင်းစာများတွင် သတင်းစာ ကာတွန်းများ ပင်တိုင်ရေးဆွဲခဲ့သလို၊ အင်္ဂလိပ်လို ထုတ်ဝေသည့် The Burman နှင့် The Nation ၌လည်း သတင်းစာ ကာတွန်းများကိုပင် ရေးဆွဲခဲ့သည်။
ထင်ရှားသည့် ကာတွန်းများအနက် အိုးဝေ၌ ဦးပ္ပယ်တရံ၊ ဟံသာဝတီ၌ ပြည်သူ့ကြေးမုံနဲ့ မြင်ကွင်းကျယ်၊ မြန်မာ့ခေတ်၌ လောကပီတိနှင့် လောကနီတိ၊ ကြေးမုံသတင်းစာ၌ ကြေးမုံနိတိ ဟူသည့် လက်ရာများဖြစ်သည်။
မျက်မှောက်ခေတ်တွင်လည်း ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ ချယ်ရီ၊ ပန်၊ မြန်မာ့ဓန၊ ပေဖူးလွှာ၊ မဟေသီ အစရှိသည့် မဂ္ဂဇင်းများ၌ သရုပ်ဖော် ကာတွန်းများ ရေးဆွဲခဲ့ရာ ဆရာကြီး၏ လက်ရာများသည် မြန်မာပြည်သူများ၏ ရင်ထဲ၌ စွဲမြဲကျန်ရစ်ခဲ့သည်။
၁၉၆၃ ခုနှစ်တွင် ပန်းချီပန်းပု ကောင်စီ၌ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သလို၊ မြန်မာနိုင်ငံ၏ မော်ကွန်းဝင် ဒုတိယ အဆင့်လည်း ရရှိခဲ့သူ ဖြစ်သည်။
ကွယ်လွန်ချိန်၌ ဇနီးနှင့် သားသမီး ၆ ဦး ကျန်ရစ်သည်။
Published
Friday, June 19, 2009 - 20:43
ကာတွန်းဆရာကြီး ဦးဖေသိန်း ကွယ်လွန်
နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဖေသိန်းသည် ရန်ကုန်ရှိ သူ၏ နေအိမ်၌ ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်သည်။ အသက် ၂၀ နှစ် ဝန်းကျင်မှ စတင်ကာ သတင်းစာများနှင့် မဂ္ဂဇင်းများ၌ ကာတွန်းများ တောက်လျှောက် ရေးဆွဲလာ ...