မဲဆောက် (မဇ္ဈိမ)။ ။ အစိုးရတပ်နှင့် သူတို့၏ ပြိုင်ဘက် ပြောက်ကျား တပ်များအကြား အလွန်ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ၎င်းတို့၏ အမာခံစခန်းများကို စွန့်ခွာနေရပြီ ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး - KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA သည် ယခုအခါ မြန်မာနိုင်ငံအရှေ့ပိုင်းရှိ သူတို့၏ အခြေခံစခန်းများကို အသက်ပေါင်းများစွာ စတေး၍ ခုခံကာကွယ်နေသည်ထက် ပြောက်ကျားနည်းဗျူဟာသို့ ပြောင်းလဲတိုက်ပွဲဝင်သွားမည်ဟု KNLA တပ်မှူး ဂျော်နီက ကြာသပတေးနေ့က ပြောသည်။
''ကျနော်တို့ရဲ့ တပ်မဟာ ရ အခြေခံစခန်းကနေ ဆုတ်ခွာရလို့ ကျနော်တို့ ရှုံးသွားတာ မဟုတ်ပါဘူး။ ဒါ နည်းဗျူဟာအရ ပြန်လည်နေရာယူ တပ်စွဲတာ ဖြစ်ပါတယ်။ ကျနော်တို့က ကိုယ့်ကရင်အချင်းချင်း ဒီစစ်ပွဲမှာ မသတ်ချင်ပါဘူး'' ဟု သူက ပြောသည်။
သို့သော် လေ့လာသုံးသပ်သူ အများအပြားကမူ ယင်းသည် မြန်မာအစိုးရကို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်း ၆၀ မျှ တိုက်ပွဲဝင်လာခဲ့သော KNLA အတွက် နိဂုံး၏ နိဒါန်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။
မည်သို့ပင်ဖြစ်စေ KNU နှင့် KNLA ခေါင်းဆောင်များကမူ တိုက်ပွဲ အဆုံးသတ်သွားရန် အဝေးကြီး လိုသေးကြောင်း ပြောကြသည်။
''ကျနော်တို့ နောက်ဆုံး ခါးသီးတဲ့ အဆုံးသတ်ထိ တိုက်ပွဲဝင်သွားမယ်။ ကျနော်တို့မှာ တခြား ရွေးချယ်စရာလမ်း မရှိဘူး။ ဆက်တိုက်ရမှာပဲ။ နယ်မြေအစိတ်အပိုင်းတိုင်းကို ဆက်ထိန်းသွားမယ်'' ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်သာကပေါက မဇ္ဈိမကို ပြောသည်။
''ဘာတွေ အန္တရာယ်ကျရောက်တော့မယ်ဆိုတာ ကျနော်တို့ သိတယ်။ ကျနော်တို့သာ ဆက်မခုခံရင် မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ကျူးလွန်မယ်၊ ကျနော်တို့ နယ်မြေတွေကို သိမ်းမယ်၊ ကျနော်တို့သယံဇာတတွေကို ထိန်းချုပ်ထားမယ်'' ဟု သူက ဆက်ပြောသည်။
မြန်မာစစ်တပ်က ကရင်လက်နက်ကိုင်များအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်လာသည့်အတွက် တိုင်းရင်းသား ကရင်ရွာသူရွာသား ထောင်ပေါင်းများစွာသည် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။
မြန်မာစစ်တပ်က ထိုင်းနယ်စပ်အနီး စိန်ပြောင်းများဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်း၊ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေခြင်းတို့ကြောင့် တိုင်းရင်းသား ကရင်ကျေးရွာသား ၄၀၀၀ ကျော်သည် သူတို့၏ လုံခြံုမှုအတွက် ထွက်ပြေးလာခဲ့ကြရသည်ဟု ဒေသတွင်းရှိ အကူအညီပေးရေး လုပ်သားများ၏ အပြောအရ သိရသည်။
လွန်ခဲ့သော နှစ်ပတ်က မြန်မာစစ်တပ်နှင့် အစိုးရအား ထောက်ခံသော တပ်ဖွဲ့ဖြစ်သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA တို့သည် KNLA ကို အပြီးသတ်ဖျက်ဆီးရန် နောက်ဆုံး ကြိုးပမ်းသည့်အနေဖြင့် ထိုင်းနယ်စပ်တနေရာတွင် အဓိက ထိုးစစ်ဆင်တိုက်ခိုက်မှုကြီးတရပ် ပြုလုပ်ခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်သည် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNLA ကို ထိုးစစ်အရှိန်မြှင့် ပြုလုပ်ခဲ့ရာ ယင်း၏ အားအကောင်းဆုံး တပ်ဖွဲ့ဖြစ်သော တပ်မဟာ ရ ကို အဓိကထား တိုက်ခိုက်ခဲ့သည်။
ဤသို့ ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်လာသည်ကို တပ်မဟာ ရ သည် ရက်သတ္တပတ်ပေါင်းများစွာ ပြန်၍ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ယခုအခါ မဟာဗျူဟာဆက်ဆံရေးမှာ ပြောင်းလဲသွားရတော့မလို ဖြစ်နေသည်။ ''ကျနော်တို့ ကျနော်တို့နယ်မြေကို ထိန်းမထားနိုင်တော့ဘူးဆိုရင် ခွာပေးရမှာပဲ။ မလိုအပ်ဘဲ ကျနော်တို့ရဲဘော်တွေ အသေမခံနိုင်ဘူး'' ဟု သာကပေါက အလေးပေးပြောကြားသည်။
ယခုရက်သတ္တပတ်ကုန်တွင် ကရင်ပြည်နယ်မြို့တော် ဘားအံမှ နောက်ထပ် အင်အား ၃၀၀ ကို DKBA တပ်ဖွဲ့များက ခေါ်ယူ အင်အား ဖြည့်တင်းထားသည်။ ယခုလောလောဆယ် မြန်မာစစ်တပ်နှင့် တွဲတိုက်နေသော DKBA တပ်ဖွဲ့အင်အားမှာ ၆၀၀ ရှိသည်ဟု မြန်မာနိုင်ငံတွင်းရှိ ကရင် သတင်းရပ်ကွက်များက ပြောသည်။
''KNLA ကို အခြေပြုတ်သွားအောင် နှစ်ဖက်ညှပ်တိုက်ဖို့ သူတို့ ရည်ရွယ်တာ'' ဟု အမည်မဖော်လိုသူ ထိုင်းစစ်ထောက်လှမ်းရေး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ''ဒီတိုက်ပွဲထဲမှာ ဝင်တိုက်နေတာ မြန်မာစစ်တပ်က တပ်ရင်း ၆ ရင်း ရှိတယ်။ အင်အား ၂၀၀၀ လောက်က တဝက်စီခွဲပြီး တပ်မဟာ ရ နယ်မြေရဲ့ မြောက်ဘက်စွန်းနဲ့ တောင်ဘက်စွန်းကနေ တိုက်နေတာ'' ဟု သူက ဆိုသည်။
''ဒါပေမဲ့ အင်အား ၉၀၀ ရှိတဲ့ DKBA တပ်ဖွဲ့က ဒီတိုက်ပွဲမှာ အခံရဆုံးပဲ။ သူတို့က ရှေ့ကနေ ဦးဆောင်တိုက်ရတာ။ ဗမာစစ်တပ်က တဖက်တချက်က ထောက်ပို့ အကူအညီပဲ ပေးတာ'' ဟု သူက ဆက်ပြောသည်။
တပ်မဟာ ရ သည် KNLA ၏ အင်အားအကြီးမားဆုံးနှင့် လေ့ကျင့်မှု အကောင်းဆုံးတပ် ဖြစ်သည်။ ပို၍ အရေးပါသည်မှာ KNLA တောင်ပိုင်းနှင့် မြောက်ပိုင်းတပ်ဖွဲ့များအကြား ရှည်လျား၍ မဟာဗျူဟာကျသော နယ်မြေကို ထိန်းထားသည့် တပ်ဖြစ်နေခြင်း ဖြစ်သည်။
ယခု သူတို့ဆုတ်ခွာသွားရလျှင် အခြား ကရင်အမာခံနယ်မြေ နှစ်ခုမှာ တသီးတခြားစီ အဖြတ်ခံထားလိုက်ရမည်ဖြစ်ပြီး အလွယ်တကူ အဝိုင်းခံရမည့် အန္တရာယ်ရှိနေသည်ဟု ဒေသတွင်းရှိ စစ်ရေးလေ့လာသူများက ပြောသည်။
KNU သည် လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံအရှေ့ဘက် တောင်ကုန်းများပေါ်တွင် တိုက်ခိုက်နေသော အဖွဲ့ဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုရသေးသည့် လက်တဆုပ်စာမျှသာ ကျန်သော လက်နက်ကိုင်တပ်ဖွဲ့များအနက် တခုဖြစ်သည်။
''စစ်အစိုးရက DKBA ရဲ့ အကူအညီနဲ့ နယ်စပ်တလျှောက်ကို KNU လက်ထဲကနေ လုယူပြီး ထိန်းချုပ်နိုင်တော့မှာက သံသယ ဖြစ်စရာ မရှိပါဘူး'' ဟု မြန်မာ့စစ်ရေးကျွမ်းကျင်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောသည်။
ဤသို့ KNLA ကို တိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှုအသစ်များ ဖြစ်ပေါ်လာရခြင်းသည် စစ်အစိုးရက နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများကြောင့်နှင့် နယ်စပ်တလျှောက် ထားရှိမည့် နယ်ခြားစောင့်တပ်ဖွဲ့များကြောင့် ဖြစ်သည်။ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များကို စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို လက်နက်ဖြုတ်ပြီး ဖွဲ့စည်းမည် ဖြစ်သည်။
သို့သော် စစ်အစိုးရ၏ အစီအစဉ်ကို တိုင်းရင်းသားအဖွဲ့ အများစုက ပယ်ချထားကြပြီး၊ DKBA ကမူ ထိုသို့ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရန် မူအားဖြင့် သဘောတူထားပြီးဖြစ်သည်။
KNLA လှုပ်ရှားနယ်မြေဖြစ်သော ထိုင်းနယ်စပ်တလျှောက် တပ်စခန်း ၁၀၀ အနက် ၃၀ ခန့်ကို မြန်မာစစ်တပ်က DKBA သို့ လွှဲမပေးမီ လွန်ခဲ့သော လအနည်းငယ်အတွင်း ပိတ်ပစ်နိုင်ခဲ့ပြီဖြစ်ကြောင်းဖြင့် မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသော ဖရီးဘားမားရိန်းဂျားအဖွဲ့က ပြောသည်။
''သူတို့က KNU ကို အပြတ်ရှင်းပစ်ချင်တာ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကရင်တွေအားလုံး ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြောတာကိုး'' ဟု သာကပေါက ခန့်မှန်းပြောဆိုသည်။ ''သူတို့ မလိုချင်ဆုံးက တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး ကျနော်တို့ ခေါင်းဆောင်မှုနောက်ကို ပါသွားမှာကိုပဲ'' ဟု သူက ဆိုသည်။
နောက် ရက်အနည်းငယ်အတွင်း မြန်မာစစ်တပ်က သူတို့၏ စစ်ဆင်ရေးကို အရှိန်မြှင့် ပြုလုပ်လာနိုင်သဖြင့် မြန်မာနိုင်ငံ နယ်စပ်တလျှောက်ရှိ ကျေးရွာသားများမှာ နောက်ထပ်စစ်ပွဲများ ဖြစ်လာမှာကိုနှင့် အမြောက်ကျည်များ ကျလာမည့်အရေး ပူပန်နေကြရသည်။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျှင် ကရင်ဒုက္ခသည်များ လုံခြံုရာထိုင်းဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံလာရမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ယခုထိ စစ်ဆင်ရေးနယ်မြေအတွင်းရှိ ကျေးရွာပေါင်း ရ ရွာမှ ဒုက္ခသည်များ ထွက်ပြေး ခိုလှုံလာခဲ့ပြီး ဖြစ်သည်။ သို့သော် လက်ရှိ တိုက်ခိုက်မှုများအတွင်း ကျရောက်၍ ဘေးအန္တရာယ် ရှိနေသော ကျေးရွာပေါင်းမှာ ၄၀ ကျော် ရှိသည်။
''တိုက်ပွဲတွေသာ ဆက်ဖြစ်ရင် အနည်းဆုံး ရွာသား ၈၀၀၀ ကျော် နယ်စပ်ဖြတ်ပြီး ပြေးလာရဦးမှာပဲ။ ဒါမှမဟုတ်ရင် စစ်သားတွေလက်ထဲမှာ သေမှာပဲ'' ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။
Published
Thursday, June 18, 2009 - 23:52
ကရင်တပ်များ ဆုတ်ခွာနေရ
အစိုးရတပ်နှင့် သူတို့၏ ပြိုင်ဘက် ပြောက်ကျား တပ်များအကြား အလွန်ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ၎င်းတို့၏ အမာခံစခန်းများကို စွန့်ခွာနေရ ...