နယူးဒေလီ (မဇ္ဈိမ)။ ။ မိမိတို့နိုင်ငံ အနေဖြင့် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် တည်ငြိမ်မှုနှင့် သာယာဝပြောမှု ရှိစေရန် ကူညီ ဆောင်ရွက်ပေးလိုကြောင်း အလည်အပတ် ရောက်ရှိနေသော ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကို တရုတ်ဒုသမ္မတ ရှီကျင်းဖင်းက ပြောကြားလိုက်သည်ဟု တရုတ်နိုင်ငံအစိုးရ မီဒီယာက ဖော်ပြ ရေးသားထားသည်။
ရှီကျင်းဖင်း - Xi Jinping သည် မြန်မာစစ်အစိုးရ ဒုတိယအကြီးအကဲ မောင်အေးနှင့် အင်္ဂါနေ့က တွေ့ဆုံကာ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကျော်က ထိန်းသိမ်းထားရှိလာခဲ့သော မြန်မာနိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးကို တရုတ်နိုင်ငံက တန်ဖိုးထားကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်ဆင်ဟွာ သတင်းဌာနက ရေးသားထားသည်။
''ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်သည် တရုတ်သံတမန်ရေး၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်းနှင့် အိမ်နီးချင်းကောင်း နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံအနေဖြင့် အခက်အခဲများကို ကျော်လွှားကာ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း'' သူ (ရှီ) က ပြောကြားခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။
ထိုအတောအတွင်း တရုပ်မြန်မာနယ်စပ်အခြေစိုက် အကဲခတ် ဦးအောင်ကျော်ဇောကပြော ကြားရာတွင်မူ ရှီ ပြောသည့် တည်ငြိမ်ရေးနှင့် သာယာဝပြောရေးဆိုသည်မှာ မရှင်းလင်းကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မည်သို့သော တည်ငြိမ်မှုမျိုး လိုချင်သည်ဆိုသည်ကို ညွှန်းဆိုဖော်ပြထားခြင်း မရှိကြောင်း ပြောသည်။
''တည်ငြိမ်မှုနဲ့ သာယာဝပြောမှု ဆိုတာရဲ့ အဓိပ္ပာယ်က ကျယ်ဝန်းတယ်။ စစ်အစိုးရ အုပ်ချုပ်မှုအောက်က တည်ငြိမ်မှုလည်း ဖြစ်နိုင်တယ်။ ဒီမိုကရေစီ အစိုးရစနစ်တရပ်ဆီကို ကူးပြောင်းရာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကတဆင့် ကူးပြောင်းပြီး ရရှိလာတဲ့ တည်ငြိမ်မှုလည်း ဖြစ်နိုင်တယ်'' ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
''တကယ်တမ်း တရုတ်က မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှိတာကို မြင်ချင်တယ်ဆိုရင် စကားနဲ့တင် မလုံလောက်ဘူး၊ အလုပ်ပါ ပါဖို့လိုတယ်'' ဟု သူက ဆက်ပြောသည်။
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ခရီးစဉ်တွင် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ ငြိမ်းအဖွဲ့များကို ကိုင်တွယ်ရာတွင် တရုတ်နိုင်ငံက ကူညီရေး ကဲ့သို့သော အခြားကိစ္စရပ်များလည်း ပါဝင်နိုင်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA အပါအဝင် ငြိမ်းအဖွဲ့ အနည်းငယ်သည် သူတို့၏ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်ဟူသော စစ်အစိုးရ၏ အဆိုပြုချက်ကို မကြာသေးခင်က လက်မခံပယ်ချခဲ့ကြပါသည်။
အခြားကိစ္စရပ်များအပြင် ခေါင်းဆောင်ကြီး ၂ ဦးက အစောပိုင်းက သူတို့ သဘောတူညီထားခဲ့သော ဆောင်ရွက်ဆဲ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး စီမံကိန်းများကို ဆက်လက်ဆောင်ရွက်ရန် ပိုင်းဖြတ်မှုရှိပုံကို ထပ်လောင်းဖော်ပြခဲ့ကြသည်။
တနင်္လာနေ့ထုတ် တရုတ်စတော့ရှယ်ယာ စျေးကွက်ဂျာနယ်တွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ အနောက်ဘက် ဆိပ်ကမ်းမြို့နှင့် တရုတ်နိုင်ငံ တောင်ပိုင်းဒေသတို့ကို ဆက်သွယ်ဖောက်လုပ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို စက်တင်ဘာလတွင် စတင်တည်ဆောက်တော့မည် ဖြစ်သည်။
အဆိုပါ အမေရိကန်ဒေါ်လာ ၂ ဘီလျံတန် စီမံကိန်းသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မှ ရေနံထွက်ပစ္စည်းများနှင့် အရှေ့တောင်အာရှနိုင်ငံမှ ဓာတ်ငွေ့တို့ကို တရုတ်နိုင်ငံသို့ သယ်ပို့ပေးနိုင်မည်ဟု အဆိုပါ သတင်းက ဆိုသည်။
Published
Thursday, June 18, 2009 - 19:36
မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ရှိစေချင်သည်ဟု တရုတ်ဒုသမ္မတ ရှီက ပြော
မိမိတို့နိုင်ငံ အနေဖြင့် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် တည်ငြိမ်မှုနှင့် သာယာဝပြောမှု ရှိစေရန် ကူညီ ဆောင်ရွက်ပေးလိုကြောင်း အလည်အပတ် ရောက်ရှိနေသော ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကို တရုတ်ဒုသမ္မတ ရှီကျင်းဖင်းက ပြောကြား ...