ချင်းမိုင် (မဇ္ဈိမ) ။ ။ လူသားဆန်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုဖြင့် ကရင်ဒုက္ခသည်များ အရေးကို အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်ပေးရန် ကုလလုံခြံုရေး ကောင်စီသို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု - FDB က တောင်းဆိုလိုက်သည်။
ယခုလအတွင်း မြန်မာစစ်အစိုးရ တပ်များနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များက ကရင်အမျိုးသား အစည်းအရုံး၏ တပ်မတော်ကို ထိုးစစ်ဆင်မှုကြောင့် ဒေသခံ ကရင်ဒုက္ခသည် ၄ဝဝဝ ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာမှုနှင့် ပတ်သက်၍ ယမန်နေ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“အပြစ်မရှိတဲ့ ရွာသူရွာသားတွေ စစ်ဘေးကြောင့် ထွက်ပြေးလာရတဲ့ အခြေအနေ ဖြစ်လာပြီဆိုတော့ crimes against humanity (လူသားဆန်မှုကို ဆန့်ကျင်သော ရာဇဝတ်မှု) ဆိုတဲ့ အခြေခံအောက်က ကုလသမဂ္ဂကို အမြန်ဆုံး ဆောင်ရွက်ပါဆိုပြီး ကျနော်တို့ တောင်းဆိုတာပါ” ဟု FDB အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က မဇ္ဈိမကို ပြောသည်။
စစ်အစိုးရ၏ တာဝန် ပျက်ကွက်မှုများကြောင့် ဒုက္ခသည် သိန်းချီ ထွက်ပြေးနေရခြင်း၊ ကလေးစစ်သားအရေး၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှု အပါအဝင် လူသားဆန်မှု ပျက်သုဉ်းစေသော ရာဇဝတ်မှုများ ဖြစ်ပေါ်ရသည််ဟု FDB က ဆိုသည်။
“ဒါတွေကို နအဖက လက်နက်အားကိုးနဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာက လက်နက်ရောင်းချမှုတွေကို ပိတ်ဖို့သင့်တယ်။ ကုလသမဂ္ဂ အနေနဲ့လည်း ထိထိရောက်ရောက် တာဝန်ယူ ဆောင်ရွက်သင့်တယ်” ဟု ဒေါက်တာနိုင်အောင်က ပြောသည်။
တောင်းဆိုချက်ထဲတွင် ထွက်ပြေးလာရသည့် ကရင်ဒုက္ခသည်များအရေးအပြင် စစ်အစိုးရ တာဝန်မဲ့မှုကြောင့် ဖြစ်ပွားခဲ့ရသည့် ရာဇဝတ်မှုများကိုလည်း ထောက်ပြထားပြီး၊ တိုင်းရင်းသူ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရကြောင်း ဖော်ပြထားသည်။
ထို့အပြင် မြန်မာစစ်အစိုးရ ထိုးစစ်များကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် လူဦးရေ ၁ သိန်းကျော် နေထိုင်လျက်ရှိပြီး အများစုမှာ ကရင်လူမျိုးများ ဖြစ်ကြောင်း ဆိုထားသည်။
FDB တွဲဖက်အတွင်းရေးမှူး ကိုစိုးအောင်ကလည်း ဒီမိုကရေစီ အင်အားစုအား စနစ်တကျ ထောင်ချနေသည်မှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁ဝဝ ခန့် ရှိနေကြောင်းနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအား မပြုလုပ်လျှင် မြန်မာစစ်အစိုးရသည် သက်ဆိုးရှည်နေမည်ဟု ပြောသည်။
ကေအန်ယူသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရာစုနှစ် ထက်ဝက်ခန့် မြန်မာအစိုးရ အဆက်ဆက်အား လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။
FDB ကို ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် ကျောင်းသားလူငယ်၊ အမျိုးသမီးအဖွဲ့ အပါအဝင် အဖွဲ့ ရ ဖွဲ့ဖြင့် စုဖွဲ့ထားကာ စစ်အစိုးရ ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများ ပြုလုပ်နေပြီး၊ ထိုင်းနိုင်ငံတွင် အခြေစိုက်ထားသည်။