နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခဲ့သည်။
သူမကို တနာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ပြီး အင်းစိန်ထောင် အထူးခုံရုံးတွင် ရင်ဆိုင်နေရသော အမှုကိစ္စ ဆွေးနွေးခဲ့သည်ဟု သူမ၏ပါတီ အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။
''ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာနေပုံရပါတယ်။ သူ့အမှုမှာ တရားမျှတမှု မရှိတဲ့အတွက်တော့ သူ စိတ်မချမ်းသာဘူး။ တရားဥပဒေကြောင်းအရ ဆက်ပြီးတိုက်ဖို့ပဲ သူ ပြောပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယမန်နေ့ တိုင်းတရားရုံးက ဒေါ်အောင်ဆန်းကြည်ဘက်မှ အစစ်ခံမည့် သက်သေတဦးကို ခွင့်ပြုခဲ့ပြီး၊ သူမ၏ ရှေ့နေများက ခွင့်ပြုရန် တင်ပြခဲ့သော နောက်သက်သေ ၂ ဦးကိုမူ ပယ်ချခဲ့သည်။
တရားခံဘက်မှ တင်ပြသော အဆိုပါ သက်သေ ၂ ဦးကို လက်ခံကြားနာရေးအတွက် ကြာသပတေးနေ့တွင် ဗဟိုတရားရုံးသို့ အယူခံသွားမည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အဆိုပါ သက်သေနှစ်ဦးမှာ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နှင့် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်သည်။
တရားခံဘက်မှ တင်ပြသော သက်သေ ၄ ဦးအနက် ၃ ဦးကို အင်းစိန်အကျဉ်းထောင်အတွင်း ရုံးထိုင်စစ်ဆေးနေသော ခရိုင်တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။
''ဒါ ဥပဒေနဲ့ မညီပါဘူး။ ဘာကြောင့်ပယ်တယ်ဆိုတာကိုလည်း အကြောင်းပြချက် ပေးမထားပါဘူး'' ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
နှစ်ဖက် အပြီးသတ်လျှောက်လဲချက်ပေးရန် မူလက ဇွန်လ ၅ ရက်နေ့သို့ ချိန်းဆိုထားခဲ့သော်လည်း နောက်ပိုင်းတွင် ဇွန်လ ၁၂ ရက်နေ့သို့ ရွှေ့ဆိုင်းထားခဲ့သည်။
သို့သော် သူတို့က ကျန်သက်သေ ၂ ဦးကို လက်ခံရေးအတွက် ဗဟိုတရားရုံးတွင် ဆက်လက်၍ အယူခံတက်မည်ဖြစ်သဖြင့် ထိုနေ့တွင်လည်း အမှုကို ဆက်လက်စစ်ဆေးဖြစ်မည်ဟု သူမ ထင်ကြောင်းဖြင့်လည်း ဦးဉာဏ်ဝင်းက ပြောသည်။ အဆိုပါ သက်သေ ၂ ဦးကို ယခုထိ တရားရုံးက လက်မခံဘဲ ပယ်ချထားဆဲဖြစ်သည်။