ရန်ကုန် (မဇ္ဈိမ)။ ။ ဇေကမ္ဘာ ကုမ္ပဏီက တောင်ကြီးမြို့နယ်တွင် ထုတ်လွှင့်မည့် ချယ်ရီ FM အမည်ရှိ ရေဒီယိုလှိုင်းတို အစီအစဉ်ကို ယခုလ ၁၅ ရက်နေ့မှ စတင်ကာ ထုတ်လွှင့်သွားမည်ဟု ကုမ္ပဏီမှ ဝန်ထမ်းများ အပြောအရ သိရသည်။
ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၏ သမီးဖြစ်ပြီး၊ စစ်အစိုးရအတွင်း နံပါတ် ၃ အကြီးအကဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ချွေးမတော်စပ်သူ မဇေဇင်လတ်က ဦးစီး လုပ်ကိုင်မည်ဖြစ်ကာ လုပ်ငန်း စတင်ချိန်တွင် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးနှင့် ရန်ကုန် ဝန်းကျင်၌ နားဆင်နိုင်မည်ဖြစ်ရာ ယခုအခါ ပြင်ဆင်မှုများ ပြုလုပ်ပြီး ဖြစ်သည်။
“လောလောဆယ် ဇွန်လ ၁၅ ရက်နေ့လို့ သတ်မှတ်ထားပါတယ်။ လိုအပ်တဲ့ ဝန်ထမ်းတွေခန့်တာ၊ သင်တန်းတွေ ပေးတာကိုတော့ အားလုံး စီစဉ်ပြီးသွားပါပြီ။ ဝန်ထမ်းတွေထဲမှာလည်း ရန်ကုန် FM တို့၊ မန္တလေး FM တို့က အတွေ့အကြံုရှိ ဝန်ထမ်းအချို့ကိုလည်း ခေါ်ပြီး ခန့်ထားပါတယ်။ အစီအစဉ်ကိုလည်း တခြား FM တွေနဲ့ မတူတဲ့ အစီအစဉ် ဆန်းဆန်းလေးတွေ ထည့်သွင်း ထုတ်လွှင့်သွားမှာပါ” ဟု ဇေကမ္ဘာ ကုမ္ပဏီ ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။
အသံလွှင့်ဌာနကို ဇေကမ္ဘာ ကုမ္ပဏီ အခြေစိုက်ရာ ရန်ကုန်ရှိ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ထားရှိမည်။
ရွှေသံလွင် ကုမ္ပဏီကလည်း ကယားပြည်နယ် လွိုင်ကော်မြို့ ပတ်ဝန်းကျင်တွင် ထုတ်လွှင့်ပေးမည့် သဇင် FM နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ထုတ်လွှင့်မည့် ရာမည FM တို့ကို မကြာမီ စတင်တော့မည် ဖြစ်သည်။
ထို့အပြင် MRTV4 အစီအစဉ်များ ထုတ်လွှင့်ပေးသည့် forever ကုမ္ပဏီ်ကလည်း ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုမှ တိုက်ရိုက် ထုတ်လွှင့်သည့် ပဥဝတီ FM အစီအစဉ်ကို လွှဲပြောင်းရယူခဲ့ပြီး ဖြစ်သည်။
ပဥဝတီ FM ကို ပြီးခဲ့သည့် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့မှ စတင်၍ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတဝိုက် ၂၅ မိုင် ပတ်ဝန်းကျင်သို့ နေ့စဉ် နံနက် ရ နာရီမှ ည ရ နာရီအထိ ထုတ်လွွှင့်ပေးနေသည်။ ယခုအခါ သံတွဲမြို့၊ အမ်းမြို့နှင့် ဧရာဝတီတိုင်းကိုပါ ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း MRTV 4 သတင်းရပ်ကွက် အဆိုအရ သိရသည်။
မြန်မာစစ်အစိုးရက FM ရေဒီယို ၈ ခုကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများထံ အလွှဲအပြောင်း လုပ်ခဲ့ရာတွင် သူတို့ အများစုမှာ အမေရိကန်နှင့် ဥရောပနိုင်ငံများက စီးပွာရေးနှင့် နိုင်ငံသို့ လာရောက် လည်ပတ်ခွင့် တားမြစ်ခံထားရသူများ ဖြစ်သည်။
မြန်မာစစ်အစိုးရက ”မီဒီယာကို မီဒီယာနဲ့ တိုက်မည်” ဟူသော မူဝါဒကို ကျင့်သုံးမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုလာပြီးနောက် ဖျော်ဖြေရေး အစီအစဉ်များ အဓိက ပါဝင်ပြီး ဆင်ဆာ ဖြတ်တောက်ထားသည့် သတင်းများ ထုတ်လွှင့်ပေးသည့် အက်ဖ်အမ်များ ထူထောင်လာခဲ့သည်။