မြန်မာနိုင်ငံသား ၃၄ ဦးကို ထိုင်း လဝက က ဖမ်းဆီး

မြန်မာနိုင်ငံသား ၃၄ ဦးကို ထိုင်း လဝက က ဖမ်းဆီး
by -
ကိုဝိုင်း
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ နေအိမ်တအိမ်တွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲများက စီးနင်းရှာဖွေရာ တရားမဝင် မြန်မာနိုင်ငံသား ၃၄ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် ဖမ်းဆီးမိခဲ့ ...

ချင်းမိုင် (မဇ္စျိမ)။     ။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ နေအိမ်တအိမ်တွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲများက စီးနင်းရှာဖွေရာ တရားမဝင် မြန်မာနိုင်ငံသား ၃၄ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် ဖမ်းဆီးမိခဲ့သည်။  

ထိုင်းတောင်ပိုင်းဒေသများတွင် အလုပ်ရှာဖွေမည့် တရားမဝင် ဝင်ရောက်လာသူများကို ခေတ္တထားရှိသည်ဟု သတင်းရထားသဖြင့် ရနောင်း လူဝင်မှုကြီးကြပ်ရေး အရာရှိ နာချာထာခရစ် ပင်ပက် Nachathakrit Pinpak ဦးဆောင်သည့် အဖွဲ့နှင့်အတူ လက်နက်ကိုင် စစ်သားများသည် ယင်းနေ့ နံနက် ၄ နာရီ အချိန်၌ ဘန်ရင်းရွာရှိ ခွန်ဆက် အဒူဒီချကူး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်။

အိမ်ဝန်းအတွင်း၌ ရပ်ထားသော အမိုးပွင့်တရပ်ကား နှစ်စီးပေါ်မှ မြန်မာနိုင်ငံသား ၃၄ ဦးကို ဖမ်းမိခြင်းဖြစ်ပြီး၊ ၎င်းတို့နှင့်အတူ အခငွေယူ၍ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်ခွင့်ပြုခဲ့သည့် ထိုင်းရဲအချို့၏ အမည်များ ပါရှိသည့် မှတ်တမ်းများပါ သိမ်းဆည်းရမိကြောင်း Phuket Gazette နေ့စဉ်သတင်း အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ သား မစ္စတာခွန်ဆက်နှင့်အတူ ၉ မမ သေနတ်အတိုတလက်နှင့် ၎င်းကျည်ဆံ ၄၈ တောင့်လည်း ဖမ်းမိခဲ့သည်ဟု ဆိုသည်။

မစ္စတာခွန်ဆက်နှင့် ဇနီး ဝိလိုင်လက်တို့က ယင်းမြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရာတွင် အကူအညီပေးခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့ပြီး ဖန်ငနှင့် ဖူးခက်မြို့များဘက်သို့ ပို့ဆောင်ရန် ပြင်ဆင်နေချိန်၌ ဖမ်းမိခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူများက ပြောဆိုထားကြောင်း ပါရှိသည်။

ဖမ်းမိသည့် မြန်မာနိုင်ငံသားများကိုမူ ရနောင်း လူဝင်မှုကြီးကြပ်ရေးဌာနသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးအရေးယူကာ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သော်လည်း ထိုင်းနိုင်ငံသားများနှင့် ပတ်သက်၍ မည်သို့ အရေးယူမည်ကို မသိရသေးပေ။

မြန်မာနိုင်ငံသားများ အပါအဝင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူများကို သယ်ယူပို့ဆောင်ပေးရာတွင် ထိုင်းရဲများ မပါဝင်ပါက မဖြစ်နိုင်ကြောင်း ရနောင်းအခြေစိုက် အလုပ်သမားအရေးနှင့် ကျန်းမာရေးကိစ္စများ ဆောင်ရွက်နေသည့် World Vision အဖွဲ့တွင် အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

“ပွဲစားတွေကိုယ်တိုင်က ရဲနဲ့ ချိတ်ထားပြီးသား။ လူရှာတာတို့ လူစုတာတို့က သာမန်ဗမာပွဲစားတွေက လုပ်မယ်။ သယ်ယူပို့ဆောင်မယ်ဆိုရင် ထိုင်းလူမျိုးတွေရဲ့ တာဝန်။ လမ်းခရီး အခြေအနေကျတော့ ရဲတွေပဲ စီစဉ်ကြတာ။ အဆင့်ဆင့် တာဝန်ယူမယ်။ ဥပမာ မွန်ပြည်နယ်ကနေ ထားဝယ်အထိ တာဝန်ယူတဲ့လူ၊ ထားဝယ်ကနေ ကော့သောင်း တာဝန်ယူတဲ့လူ။ ကော့သောင်းကနေ ရနောင်းမြို့ထဲကို လှေနဲ့ဝင်ဖို့အတွက် တာဝန်ယူတဲ့လူ။ ရနောင်းမြို့ထဲမှာ ယာယီလက်ခံပေးတဲ့လူ။ ရနောင်းကနေ သယ်ယူပို့ဆောင်ပေးတာက တယောက်။ သူတို့က အဲဒီလို အဖွဲ့လိုက် အလုပ်လုပ်တာပေါ့နော်” ဟု သူက ပြောသည်။

၁ဝ နှစ်ကျော် လှုပ်ရှားခဲ့ပြီးဖြစ်သော မစ္စတာခွန်ဆက်၏ လူမှောင်ခို အုပ်စုသည် ထိုင်းနိုင်ငံအတွင်း လူခိုးသွင်းနေသည့် အုပ်စု ၁၅ ခုအနက် ၁၂ ခုမြောက် အကြီးဆုံးဖြစ်ပြီး တလလျှင် လူ ၅ဝဝ ခန့် ခိုးသွင်းပြီး ထိုင်းတောင်ပိုင်းဒေသများသို့ ပို့ဆောင်နေကြောင်း သတင်းစာက ဆိုထားသည်။

ယခင်နှစ် ဧပြီလကလည်း ရနောင်းမြို့မှ ဖူးခက်သို့ အအေးခန်းကားဖြင့် ခိုးသယ်သွားသည့် မြန်မာနိုင်ငံသား ၅၄ ဦး အသက်ရှုကျပ် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံ၌ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား နိုင်ငံသားများ လာရောက်အလုပ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံမှ အလုပ်လာလုပ်နေသူ ၂ သန်းခန့်ရှိသည်ဟု အစိုးရမဟုတ်သည့် လူမှုရေးအဖွဲ့များက ခန့်မှန်းကြသည်။ အများစုမှာ အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားခြင်း မရှိကြပေ။

ထိုင်းအလုပ်သမားဝန်ကြီး ဖိုင်းထွန်း ကယောက်ထောင်း Paitoon Kaewthong ကမူ ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံခြားသား အလုပ်သမား ၄-၅ သိန်းခန့် ရှိပြီဖြစ်သော်လည်း မှတ်ပုံမတင်ဘဲ အလုပ်လုပ်နေသူ ၄ သိန်း ခန့်ရှိကြောင်း ယမန်နေ့ သတင်းစာရှင်းပွဲ၌ ပြောသည်။

မှတ်ပုံမတင်ရသေးသော နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် မှတ်ပုံတင်ကြရန်နှင့် ယင်းမှတ်ပုံတင် သက်တမ်းကာလသည် လာမည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိသာ ဖြစ်ကြောင်း ပြောသည်။

သို့သော် မှတ်ပုံတင်ရမည့် ရက်နှင့် အစီအစဉ်ကို အစိုးရဝန်ကြီးများအဆင့် အစည်းအဝေးမှ အတည်ပြုပြီးပါက အလုပ်သမား ဝန်ကြီးဌာနက ကြေညာမည်ဖြစ်ကြောင်း ထိုင်းသတင်းအေဂျင်စီ၌ ယနေ့ဖော်ပြထားသည်။