နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်စုအမှုအတွက် သက်သေ ၃ ဦးအား ခရိုင်တရားရုံးက ပယ်ချခံရသည်ကို သူမ၏ ရှေ့နေများက ပြန်လည်သုံးသပ်ပေးရန် တိုင်းတရားရုံးသို့ လျှောက်ထားခဲ့ရာ နှစ်ဖက်လျှောက်လဲရန်အတွက် ယနေ့ လက်ခံလိုက်ပြီဖြစ်သည်။
ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးသို့ ဒေါ်စုအတွက် သက်သေများအဖြစ် ဦးကြည်ဝင်း၊ ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဒေါ်ခင်မို့မို့တို့ကို အမည်စာရင်း တင်သွင်းခဲ့ရာ ဦးကြည်ဝင်းမှအပ ကျန် ၃ ဦးအား ပယ်ချခဲ့သည်ကို ရန်ကုန်တိုင်းတရားရုံးသို့ လျှောက်ထားရာ ယခုလို အမိန့်ချလိုက်ခြင်း ဖြစ်သည်။
''ဒီနေ့ ၃ နာရီမှာ ကျနော်တို့တင်တဲ့ ပြင်ဆင်မှု လက်ခံရေးအတွက် ကျနော် လျှောက်လဲချက် ပေးပါတယ်။ လျှောက်လဲချက် ပေးပြီးပြီးချင်းပဲ တရားရုံးက လက်ခံတယ်လို့ အမိန့်ချတယ်'' ဟု ဒေါ်စု၏ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
မြန်မာစစ်အစိုးရဘက်နှင့် ဒေါ်စုဘက်မှ ရှေ့နေများ လျှောက်လဲကြရန် ယခုလ ၅ ရက်နေ့ ညနေ ၃ နာရီသို့ တရားရုံးက ချိန်းဆိုလိုက်သည်။
အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၊ လုပ်ဖော်ကိုင်ဘက် နှစ်ဦးနှင့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ မစ္စတာ ယက်တောတို့အပေါ် စွဲဆိုထားသည့် အမှုကို အပြီးသတ် လျှောက်လဲရန်အတွက် ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ယခုလ ၁ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။
သို့သော် နောက်တရက်ဖြစ်သည့် ၂၉ ရက်နေ့တွင် ယခုလ ၅ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးက ရှေ့နေများသို့ စာရေးသား အကြောင်းကြားခဲ့သည်။
''အင်းစိန်မှာ ၅ ရက်နေ့မနက် အပြီးသတ် လျှောက်လဲချက်ဆိုတာ ရှိတယ်။ အဲဒါက အလိုလို ရွေ့သွားတယ်။ တိုင်းတရားရုံးက ဒီအမှုတွဲကို မနက်ဖြန်မှာ အင်းစိန်ခရိုင်ရုံးဆီက တောင်းလိမ့်မယ်။ အမှုတွဲတောင်းတယ် ဆိုတာနဲ့ မူလရုံးက လုပ်လက်စ အလုပ်တွေကို ရပ်ထားရတယ်။ ဒါက ဥပဒေ ကျင့်ထုံးပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။
သူက ဆက်ပြီး ''အပြီးသတ် လျှောက်လဲမှာက အင်းစိန်က တရားရုံး။ အခုဟာက တိုင်းမှာ Re-visional cause တခုပဲ။ ကျနော်တို့ တရားခံဘက်က ပြတဲ့သက်သေ ၃ ယောက်ကို တရားရုံးက ပယ်တာ ဥပဒေနည်းလမ်း မကျဘူး၊ ဥပဒေနည်းလမ်းကျအောင် ကျနော်တို့ကိုလည်း စစ်ဆေးခွင့် ပေးထိုက်တယ် ဆိုတာကို ကျနော်တို့ လျှောက်လဲမှာ ဖြစ်တယ်'' ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နောက်တဦးဖြစ်သည့် ဦးကြည်ဝင်းကလည်း တရားရုံးသည် မိမိတို့၏ သက်သေများအား ဥပဒေပြဋ္ဌာန်းချက်အရ ပယ်ချနိုင်သည့် အခွင့်အရေးရှိသော်လည်း အကြောင်းပြချက် ခိုင်လုံခြင်း မရှိဘဲ ငြင်းပယ်ပါက မှားယွင်းကြောင်း ပြောသည်။
သူက ''တရားရုံးမှာ ကျင့်ထုံးပုဒ်မ ၂၅၇ ပြဋ္ဌာန်းချက်အရ ပယ်နိုင်တဲ့ အခွင့်အရေးရှိတယ်၊ အာဏာရှိတယ်။ သို့သော် ဘယ်လိုအခါမျိုးမှာ ပယ်ရမလဲဆိုတော့ တရားစီရင်ရေးကို အနှောက်အယှက်ဖြစ်အောင်၊ ကြန့်ကြာအောင်၊ တရားစီရင်ရေး မမှန်မကန်ဖြစ်အောင် လုပ်မှသာ ပယ်ရမှာ ဖြစ်တယ်။ ဒီလို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ အခုလို ငြင်းပယ်တာ မှားတယ်ပေါ့ဗျာ'' ဟု ပြောဆိုလိုက်သည်။