ဒါကာ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ အစိုးရရုံးများကို ပြည်ပအခြေစိုက် စစ်အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခံရဖွယ်ရှိကြောင်း အာဏာပိုင်များက တပ်လှန့်ထားသည်။
မောင်တောနှင့် ဘူးသီးတောင် မြို့နယ်အခြေစိုက် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးဌာန - (နစက) က ခရိုင်-မြို့နယ် ကောင်စီ၊ လူဝင်မှု ကြီးကြပ်ရေးဌာန - လဝက၊ မြေစာရင်းဌာန၊ ကြေးနန်းရုံးနှင့် ဘဏ်များတွင် တိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုသော လုံခြံုရေးသတင်းများ ရသည်ဆိုကာ အစိုးရဝန်ထမ်းများ ကင်းစောင့်နေရသည်။
“ကင်းစောင့်ခိုင်းတာက နစက ဌာနချုပ်က အမိန့်နဲ့ စောင့်ခိုင်းတာပါ။ သူတို့က မောင်တောနဲ့ ဘူးသီးတောင်မှာ ရှိတဲ့ အစိုးရ အဆောက်အဦတွေကို ဖောက်ခွဲရေးသမားတွေက ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်လို့ သတင်း ရထားတဲ့ အတွက်ကြောင့် ဖြစ်တယ်” ဟု မောင်တောမြို့နယ် မယက ရုံးစာရေးက မဇ္စျိမကို ပြောသည်။
ရုံးများတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ၄ ယောက်တတွဲ စောင့်နေရပြီး၊ လဝက ဦးစီးမှူး၊ မြို့နယ် ရဲစခန်းမှူးနှင့် ဒေသအခြေစိုက် စစ်တပ်များက လှည့်လည်ကင်းစစ်လေ့ရှိသည်။ ထို့အပြင် စစ်တပ်နှင့် ရဲများကလည်း လမ်းများပေါ်တွင် ကင်းလှည့်မှုများ များပြားလာသည်။
ဘင်္ဂလား-မြန်မာနယ်တလျှောက်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်နေကြသည့် ချင်း အမျိုးသား တပ်ဦး - CNF ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ - ALP နှင့် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ RSO နှင့် ARNO ပါတီတို့ လှုပ်ရှားလျက်ရှိသည်။
''ALP က ဗုံးထောင်တယ်ဆိုတာတော့ တခါမှ မလုပ်သေးဘူး။ အထူးသဖြင့် အရပ်သားတွေကို ပစ်မှတ်ထားပြီး ထောင်တယ်၊ ခွဲတယ်ဆိုတာ မရှိသေးဘူး။ တကယ်တမ်း လုပ်မယ်ဆိုရင်လည်း စစ်တပ်နဲ့ ပတ်သက်တဲ့ အဆောက်အဦ နေရာတွေ၊ စစ်တန်းလျားတွေ၊ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ နေရာတွေကိုပဲ လုပ်မှာပါ။ အရပ်သားတွေကို ပက်သက်မှုမရှိအောင်၊ ကင်းကွာအောင်၊ ထိခိုက်မှုမရှိအောင် ကျနော်တို့ အတတ်နိုင်ဆုံး ရှောင်ရှားတယ်'' ဟု ALP အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခိုင်မျိုးမင်းက ပြောသည်။