ရန်ကုန်၊ (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန်ထောင်တွင်း တရားရုံး၌ စတင် စစ်ဆေးချိန်မှစ၍ ရန်ကုန်ရွှေစျေးနှုန်းများ မတည်မငြိမ် ဖြစ်လာပြီး အမှုကြားနာရက်ဖြစ်သည့် မေလ ၂၆ရက်နေ့တွင်မူ ယခုနှစ်အတွင်း အမြင့်ဆုံး စျေးနှုန်းသို့ပင် ရောက်ရှိသွားခဲ့သည်။
၂၀၀၉ နှစ်ဦးပိုင်း ၂ လခန့်တွင်ရွှေတကျပ်သားလျှင် ကျပ် ၅ သိန်းခန့်စျေးဖြင့် တန့်နေခဲ့ပြီး၊ မတ်လဒုတိယပတ်မှ စတင်၍ ဖြည်းဖြည်းချင်း စျေးထပ်တက်လာခဲ့ရာ ထောင်တွင်း တရားရုံး၌ဒေါ်စု စတင်ထွက်ချက်ပေးသည့် ပြီးခဲ့သည့်လ ၂၆ ရက် (အင်္ဂါနေ့) တွင် ကျပ် ၅သိန်း ၅ သောင်းခွဲဖြင့် အမြင့်ဆုံး စျေးသို့ ခုန်တက်သွားခြင်း ဖြစ်သည်။
”အင်္ဂါနေ့စျေးဖွင့်တော့ တနင်္လာနေ့ထက် ၈ ထောင်လောက် တက်သွားတယ်။ ကမ္ဘာ့ရွှေစျေးငြိမ်နေပေမယ့် နိုင်ငံရေး အခြေအနေ မတည်မငြိမ်ဖြစ်ရင် ရွှေစျေးကလှုပ်တတ်ပါတယ်” ဟု ရန်ကုန်တိုင်း လသာမြို့နယ်မှ ရွှေဆိုင်တခုမှတာဝန်ရှိသူတဦးက ပြောသည်။
ထိုနေ့ နံနက်ပိုင်းတွင် ကျပ် ၅၅၅၅၀၀စျေးပေါက်ခဲ့ပြီးနောက် ရွှေစျေးကစားသူ အများအပြားက ထုတ်ရောင်းခဲ့သဖြင့်စျေးနှုန်း ပြန်ကျသွားပြီး၊ ညနေပိုင်းတွင် ၅၄၈၀၀၀ သို့ ပြန်ဖြစ်သွားသည်။
“ဒေါ်စုကိုစဖမ်းပြီ ဆိုကတည်းက ရွှေစျေး လှုပ်နေတာ။ တောက်လျှောက် အတက်ချည်းပဲ။ ရွှေစျေးက ပုံမှန် ၁၀၀၀၊ ၂၀၀၀ (ကျပ်) အလွန်ဆုံးပဲ အတက်အကျဖြစ်တာ။ ၃-၄ထောင်လောက် အတက်အကျဖြစ်ပြီဆိုရင် ရွှေစျေး လှုပ်တယ်လို့ ပြောလို့ရတယ်။အရောင်းအဝယ် မှန်းရခက်တဲ့ အနေအထား ဖြစ်သွားတာပေါ့။ အရင်က နိုင်ငံရေးအခြေအနေ လှုပ်လှုပ်ရှားရှားဖြစ်လို့ တသောင်းလောက် အတက်အကျဖြစ်ခဲ့တာမျိုးတွေလည်း
ရှိခဲ့ပါတယ်။ အခုလကုန်ရက် နည်းနည်းလေး ပြန်ကျပေမယ့်ပြန်တက်ဦးမယ် ထင်တယ်” ဟု ရွှေဆိုင်သက်တမ်း ၁၅ နှစ်ခန့် ရှိပြီဖြစ်သောအဆိုပါ ရွှေဆိုင်မှ တာဝန်ရှိသူက ဆိုသည်။
မေလ ၂၆ ရက်နေ့ အလွန်တွင်အမြင့်ဆုံးစျေးမှ ပြန်လည် ကျဆင်းလာခဲ့ပြီးနောက် ၂၉ ရက်နေ့အထိ ကျပ် ၅ သိန်း၄ သောင်းနှင့် ၅ သိန်း ၄ သောင်း ၅ ထောင်ဝန်းကျင်ဖြင့် ရွှေစျေးကွက်တွင်အရောင်းအဝယ် ဖြစ်နေခဲ့သည်။