ဒေါ်စုကို လွှတ်ပေးရန် ထိုင်းနှင့် ဂျပန်တွင် ဆန္ဒပြ

ဒေါ်စုကို လွှတ်ပေးရန် ထိုင်းနှင့် ဂျပန်တွင် ဆန္ဒပြ
by -
ဖနိဒါ
အန်အယ်ဒီ၏ ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့တွင် ထိုင်းနှင့် ဂျပန်ရောက် မြန်မာအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူ ...

ချင်းမိုင် (မဇ္စျိမ)။     ။ အန်အယ်ဒီ၏ ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့တွင် ထိုင်းနှင့် ဂျပန်ရောက် မြန်မာအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူ ဦးရေ ၁ဝဝ ခန့်က ယနေ့ နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။    

“လွှတ်ပေးသင့်တာကို မလွှတ်ပေးချင်လို့ အကွက်ဆင် ဉာဏ်တွေနဲ့ လုပ်နေတာကို ထိုင်းနိုင်ငံသူ နိုင်ငံံသားတွေ သိအောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နယ်စပ်မှာရှိနေတဲ့ ကျနော်တို့ တသွေးထဲ ဖြစ်တယ်ဆိုတာကို ဒီနေ့ အကောင်အထည် ဖော်လိုက်တာပါ”ဟု ဆန္ဒပြပွဲတွင် ဦးဆောင်သည့် ထိုင်းအခြေစိုက် အဝေးရောက် ဧရာဝတီအသင်းမှ ဥက္ကဋ္ဌ ဦးသောင်းလှိုင်က မဇ္စျိမကို ပြောသည်။   

ဆန္ဒပြသူများက “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး … ဒို့အရေး”၊ “ဒေါ်အောင်ဆန်းစုကြည် … ချက်ချင်းလွှတ်” ၊ “စစ်အာဏာရှင် … ကျဆုံးရေး” ဟူသည့် ကြွေးကြော်အော်ဟစ်ကာ ၄၅ မိနစ်ကြာ ဆန္ဒပြကြသည်။   

သူတို့က မြန်မာအစိုးရအား ဆန္ဒပြခြင်းသာ ဖြစ်ပြီး၊ ထိုင်းဘုရင်နှင့် ထိုင်းအစိုးရအား ကျေးဇူးတင်ကြောင်းနှင့် အထူးသဖြင့် ထိုင်းနိုင်ငံ အပါအဝင် နအဖ သည် အရိပ်ဆိုးကြီး တခုကဲ့သို့ ခြောက်လှန့်နေသည့် စစ်အစိုးရဖြစ်ကြောင်း ရေးသားထားသည့်် စာတစောင်ကို ကုလရုံးသို့ ပေးပို့ခဲ့သည်။     

ထိုင်းရဲများက ဆန္ဒပြပွဲသို့ လာရောက်၍ ဓာတ်ပုံရိုက်ခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်သော်လည်း အနှောင့်အယှက် တစုံတရာ မပေးကြောင်း သိရသည်။   

“ရဲကား ၂ စီး လာပြီးတော့ ကျနော်တို့ကို မေးတယ် ဓာတ်ပုံရိုက်တယ်။ ကြမ်းကြမ်းတမ်းတမ်း မလုပ်ဘူး။ ကျနော်တို့လည်း လူစုခွဲလိုက်တယ်” ဟု ဦးသောင်းလှိုင်က ပြောသည်။    

သူတို့အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မတရားထိန်းသိမ်းထားမှုမှ  မလွတ်မြောက်မချင်း နည်းမျိုးစုံနှင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း သူက ဆိုသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ အင်အား ၅ဝဝ ခန့်က ယနေ့ညနေပိုင်းတွင် Ropponji အဆောက်အဦမှ နိုင်ငံခြားရေးရုံးသို့ လမ်းလျှောက်ချီတက်ကာ Hibiya ပန်းခြံတွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြသည်။    

“ကျနော်တို့ ဆန္ဒပြတာက ၁၉၉ဝ ရွေးကောက်ပွဲ ၁၉ နှစ်မြောက် အထိမ်းအမှတ် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ထိန်းသိမ်းထားပြီးတော့ တရားစွဲဆိုထားတဲ့အပေါ် ဂျပန်အစိုးရနဲ့အတူ နိုင်ငံတကာကနေ မျက်ကွယ်မပြုဘဲနဲ့ တရားနည်းလမ်းကျ ဆောင်ရွက်ပေးဖို့ ဂျပန်အစိုးရကို တောင်းဆို ဆန္ဒပြခြင်း ဖြစ်ပါတယ်” ဟု အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ အတွင်းရေးမှူး ကိုကောင်းမြင့်ဦးက မဇ္စျိမကို ပြောသည်။   

ဆန္ဒပြသူများက ၁၉၉ဝ ရွေးကောက်ပွဲအား အကောင်အထည်ဖော်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ဂျပန်အစိုးရက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို တိုက်တွန်းပြီး အကောင်အထည်ဖော်ပေးရန် ကြွေးကြော်သံတိုင်ကာ ဆန္ဒပြကြခြင်း ဖြစ်သည်။

ဂျပန်ရောက် မြန်မာများ၏ ဆန္ဒပြပွဲကို အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ၊ မြန်မာ့ရေးရာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့၊ ဂျပန်ဘုန်းတော်ကြီးများအဖွဲ့၊ မြန်မာလွှတ်တော် အမတ်များ သမဂ္ဂနှင့် အလုပ်သမားသမဂ္ဂများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။    

Most read this week