ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖန်တီးလာနိုင်ဟု NLD (L/A) ပြောဆို

ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖန်တီးလာနိုင်ဟု NLD (L/A) ပြောဆို
by -
ဖနိဒါ၊ မေကျော်
အကျယ်ချုပ် ကျခံနေသည့် နေအိမ်အတွင်း အမေရိကန် နိုင်ငံသား တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖန်တီးလာနိုင်ကြောင်း ပြည်ပအခြေစိုက် အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) က ပြော ...

ချင်းမိုင် (မဇ္ဈိမ)။     ။ အကျယ်ချုပ် ကျခံနေသည့် နေအိမ်အတွင်း အမေရိကန် နိုင်ငံသား တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖန်တီးလာနိုင်ကြောင်း ပြည်ပအခြေစိုက် အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) က ပြောသည်။

ပါတီခေါင်းဆောင်၏ နေအိမ်၌ ၂ ရက်ကြာနေခဲ့ပြီး၊ ယခုလ ၅ ရက်နေ့ ညနေတွင် ပြန်လည် ထွက်ခွာလာကာ၊ ၆ ရက်နေ့တွင် အင်းယားကန်အတွင်း ရေကူးနေစဉ် အဖမ်းခံခဲ့ရကြောင်း မြန်မာစစ်အစိုးရ သတင်းစာများတွင် သတင်း ထုတ်ပြန်ချက်အပေါ် NLD (L/A) ခေါ် အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) က တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ထင်ယောင်ထင်မှားဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့တယ်၊ ထောက်ခံတဲ့ လူလည်း ဖြစ်နိုင်တယ်။ နိုင်ငံရေးကြောင့် ဝင်လာတယ် ဆိုတာကို မပြောဘဲနဲ့ အမျိုးသမီး တယောက်အိမ်ကို ယောက်ျားတယောက် ၂ ရက်ကြာ ခိုလှုံနေပါတယ်လို့ အကြောင်းပြချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိက္ခာ စော်ကားတာပဲ” ဟု NLD (L/A) နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့်က မဇ္စျိမကို ပြောသည်။

နေအိမ်အကျယ်ချုပ် ကျခံနေသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းသို့ စစ်အစိုးရ အဆိုအရ အမေရိကန် နိုင်ငံသားတဦး ခိုးဝင်ခဲ့ခြင်းကို လုံခြံုရေး အားနည်း၍ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း မြန်မာပြည်တွင်းရှိ NLD က ဆိုသည်။   

“ကျနော်တို့က အသေးစိတ် အကျိုးအကြောင်း ဘာမှ မသိသေးဘူးဆိုတော့ တခုပဲ ပြောနိုင်မယ်ဗျာ။ လုံခြံုရေး အားနည်းနေလို့ ဖြစ်တာလို့ပဲ ပြောနိုင်တာပေါ့ဗျာ” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “လုံခြံုရေးအရ တားမြစ်ထားသော နယ်မြေ အတွင်းသို့ လျှို့ဝှက် တိတ်တဆိတ် ဝင်ရောက်ခဲ့မှုအတွက် ၎င်း၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စစ်ဆေးနေကြောင်း” ဆိုထားသည်။   

“ဒီနေရာကို ဖြတ်မသွားရ၊ ဒီနေရာကို မသွားရဆိုတဲ့ ဥပဒေကို ကြေညာထားရမယ်၊ ပြဋ္ဌာန်းထားရမယ်လေ။ ဒေါ်စုအိမ်ကို မည်သူ မဝင်ရောက်ရဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းထားတာ မရှိဘူး” ဟု ပဲခူးမြို့ရှိ ရှေ့နေ ဦးအေးမြင့်က ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြံုရေး အတွက် အထူးစိုးရိမ်ဖွယ်ရာပင် ဖြစ်ကြောင်း NLD က သုံးသပ်သည်။

NLD (L/A) နိုင်ငံခြားရေးရာ တာဝန်ခံကလည်း “နအဖ အစိုးရက ဒေါ်အောင်ဆန်းစုကြည် လုံခြံုရေးကို သေချာ တာဝန်ယူမထားဘူးဆိုတာ တွေ့ရပါတယ်။ စုစုပေါင်း ၁၃ နှစ် ပြည့်တော့မှာပါ။ ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းရှေ့က လုံခြံုရေး တင်းကျပ်မှု မရှိဘူးဆိုတာ တွေ့ရတယ်။ အခုကိစ္စကို ကြည့်ရင် အန္တရာယ်များတယ်လို့ ကျနော် ထင်တယ်လေ” ဟု ဆိုသည်။

ယနေ့ထုတ်ပြန်သည့် AP သတင်းတရပ်တွင် ယနေ့ နေ့ခင်းပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း ရဲတပ်သား ၂ဝ ဦးခန့် ဝင်ရောက်သွားခဲ့ကြောင်း အိမ်နီးနားချင်းများ၏ ပြောဆိုချက်ကို ကိုးကားဖော်ပြထားသည်။