ကိုဇာဂနာ ဆေးကုသခွင့် မရ

ကိုဇာဂနာ ဆေးကုသခွင့် မရ
by -
မြင့်မောင်
ဟာသပညာရှင်နှင့် ဒါရိုက်တာ မောင်သူရ ခေါ် ကိုဇာဂနာသည် မြစ်ကြီးနား ထောင်တွင် အသည်းယောင် အသားဝါ ဖြစ်နေရာ၊ ယနေ့အချိန်ထိ လိုအပ်သည့် ဆေးဝါးကုသခွင့် မရသေးကြောင်း သိရ ...

နယူးဒေလီ (မဇ္စျိမ) ။     ။ ဟာသပညာရှင်နှင့် ဒါရိုက်တာ မောင်သူရ ခေါ် ကိုဇာဂနာသည် မြစ်ကြီးနား ထောင်တွင် အသည်းယောင် အသားဝါ ဖြစ်နေရာ၊ ယနေ့အချိန်ထိ လိုအပ်သည့် ဆေးဝါးကုသခွင့် မရသေးကြောင်း သိရသည်။

ယခုလ ၂၂ ရက်နေ့က မြစ်ကြီးနားထောင်သို့ ရန်ကုန်ရှိ မိသားစုဝင်တဦးက ထောင်ဝင်စာ သွားတွေ့ရာမှ ယခုလို သိခဲ့ရခြင်း ဖြစ်သည်။    

“အခုအခြေအနေက နေလို့ သိပ်မကောင်းဘူး။ ကျမနဲ့ တွေ့တော့ ကိုသူရရဲ့ ဗိုက်က ပူနေတယ်။ အသားတွေလည်း ဝါနေတယ်။ အခု အသည်းရောင် အသားဝါ ဖြစ်နေတယ်။ အခုအချိန်ထိ ထိထိရောက်ရောက် ဆေးကုခွင့် မပြုသေးဘူး။ ဒီ set up တွေ လုပ်ဖို့ ကိုသူရကို ထောင်ဆေးရုံကို မပို့ပေးသေးပါဘူး” ဟု ကိုဇာဂနာထံ ထောင်ဝင်စာ သွားတွေ့သည့် ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။   

ယခုလ ၁၆ ရက်နေ့က ကိုဇာဂနာသည် မူးလဲရာမှ ည ၈ နာရီခန့်တွင် သတိပါ လစ်ခဲ့ပြီးနောက် ည ၁၁ နာရီခန့်တွင် ပြန်သတိရခဲ့ကြောင်းနှင့် ၁၈ ရက်၊ ၂၁ ရက်နေ့များတွင် ထောင်ဆရာဝန် လာရောက်စစ်ဆေးခဲ့သည်။    

မငြိမ်းက “ဆရာဝန်ကြီးကတော့ X-Ray ၊ ECG ၊ Ultrasound ရိုက်ပေးပါလို့ ထောင်အာဏာပိုင်တွေကို ပြောသွားတယ်။ အဲဒီအခါကျမှ ရောဂါအခြေအနေကို ပြောနိုင်မယ်။ အခု အခြေအနေအရကတော့ အသည်းယောင်နေတယ်လို့ပဲ ပြောနိုင်တယ်” ဟု ပြောသည်။     

ယခုလ ၂ ရက်နေ့က မြစ်ကြီးနားထောင်သို့ ခယ်မဖြစ်သူက ထောင်ဝင်စာ သွားတွေ့ခဲ့ရာ တွေ့ရက်မစေ့သဖြင့် ရန်ကုန်သို့ ပြန်လာခဲ့သော်လည်း ထောင်တွင်း၌ ဇာဂနာ သတိလစ်သွားခဲ့သည်ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များက မိသားစုထံ အကြောင်းကြားခြင်း မရှိခဲ့ပါ။   

“ကိုသူရရဲ့ ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်နေတယ်။ သူ့မှာက အရင်ကတည်းက သွေးတိုးနဲ့ နှလုံးအားနဲတဲ့ ရောဂါ ရှိတယ်။ သွေးတိုးနဲ့ နှလုံးကလည်း အရင်ကနဲ့ မတူဘူး။ အခုဟာက အပြင်က ဆေးတွေက ဘာမှ သောက်လို့ မရတော့ဘူး။ အရင်က ကုသထားတဲ့ ရောဂါနဲ့ ဘာမှာ မဆိုင်တော့ဘူး။ သွေးခုန်နှုန်းကလည်း အရင်ကနဲ့ မတူတော့ဘူးဆိုတော့ အဲဒီ အနေအထားမှာ တော်တော်တော့ စိုးရိမ်ပါတယ်” ဟု မငြိမ်းက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ကိုဇာဂနာ၏ အခြေအနေ စိုးရိမ်နေရချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ မပေးသည့်အပေါ် ယခုလို ဝေဖန်ပြောဆိုသည်။    

''ဖမ်းထားပြီးပြီဆိုရင် လူတယောက်ကို လုံလောက်တဲ့ စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုတယ်။ အဲဒီတာဝန်ကို ပျက်ကွက်နေတာက ရည်ရွယ်ချက်ရှိရှိနဲ့ ပျက်ကွက်နေတယ်လို့ ပြောလို့ရတယ်။ ဗုဒ္ဓဘာသာ အရဆိုရင် လူသတ်မှုကို ကျူးလွန်နေတာ ဖြစ်တယ်'' ဟု သူက ပြောသည်။   

သူက ဆက်ပြီး “ ကိုဇာဂနာက ဘာပဲပြောပြော သူကိုယ်တိုင်က သွားဆရာဝန်လေ။ သူ့မှာ ကျန်းမာရေး အသိရှိတယ်။ သူ သတိထားနေရင်းနဲ့ကို ရေကောင်းရေသန့် မရတဲ့ အတွက်ကြောင့် သူ့အနေနဲ့ ကာကွယ်လို့ မရတာဖြစ်တယ်။ ကိုဇာနာကို သူ့မိသားနဲ့ အနီးဆုံး ထောင်ကို ပြန်ပို့သင့်တယ်။ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ကိုဇာကနာကို လုပ်ပေးသင့်တယ်။ အဲဒီလိုမှ မဟုတ်ဘဲ သေသွားတယ် ဆိုရင်တော့ ကိုဇာဂနာကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်တာလို့ပဲ ပြောရမှာ ဖြစ်တယ်” ဟု ပြောသည်။    

ကိုဇာဂနာ ကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီ၍ ကျန်းမာရေး မကောင်းသဖြင့် အရေးပေါ် စောင့်ရှောက်မှု လိုအပ်နေသူများအနက် အန်အယ်ဒီ မတ္တရာအမတ် ဦးသန်းလွင်သည် မျက်လုံး၊ နှလုံးနှင့် သွေးတိုး ဝေဒနာများ ခံစားနေရကာ ရှမ်းအန်အယ်ဒီ ခေါင်းဆောင်များ ဦးခွန်ထူးဦးနှင့် ဗိုလ်ချုပ်ဆေထင်သည် ကျန်းမာရေး မကောင်းကြောင်းနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအောင်သူသည် အောက်ပိုင်း သေသလို ဖြစ်နေပြီး၊ ကိုလှမျိုးနောင်မှာ နောက်ထပ် မျက်စိတဖက်ပါ ကွယ်သွားနိုင်ကာ ကိုကိုကြီးမှာလည်း အသည်း မကောင်းကြောင်း အေအေပီပီက ဆိုသည်။    

ကိုဘိုကြည်က ''တချို့ မဂ္ဂဇင်းတွေထဲမှာတော့ သောက်ရေသန့်တွေ ပေးနေတယ်ဆိုပြီး ဝါဒဖြန့်ချိရေးတွေ လုပ်နေတယ်။ တကယ်တမ်းကျတော့ ထောင်ထဲမှာက ရေကောင်း၊ ရေသန့်တွေ မရဘူး။  အခုနောက်ပိုင်းမှာတော့ ရေကောင်း ရေသန့် မရတဲ့အတွက် ရောဂါတွေ ပိုရတယ်'' ဟု ပြောသည်။    

ကိုဇာဂနာအား အာဏာပိုင်များက ၂ဝဝ၇ ခု စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၅၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရာမှ ၃၅ နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

သူ၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်သဖြင့်  ထောင်ဆေးရုံတွင် ပြောင်းရွှေ့ ဆေးကုသခွင့် ရယူရေးအတွက် မြစ်ကြီးနား ထောင်အာဏပိုင်များထံမှ ယနေ့ နံနက်ပိုင်းက တင်ပြတောင်းဆိုခဲ့ကြောင်း မငြိမ်းက ပြောသည်။