ကလေးစစ်သားအရေး မူချရန် လိုအပ်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော

ကလေးစစ်သားအရေး မူချရန် လိုအပ်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော
by -
မေကျော်
ကလေးစစ်သား အသုံးပြုမှု အမှန်တကယ် ပပျောက်နိုင်မည့် တခုတည်းသော နည်းလမ်းမှာ လက်နက်ကိုင်အဖွဲ့အားလုံး မူဝါဒ ချမှတ်လုပ်ဆောင်မှသာ ဖြေရှင်းနိုင်မည်ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ပြောဆို ...

ချင်းမိုင် (မဇ္စျိမ)။     ။ ကလေးစစ်သား အသုံးပြုမှု အမှန်တကယ် ပပျောက်နိုင်မည့် တခုတည်းသော နည်းလမ်းမှာ လက်နက်ကိုင်အဖွဲ့အားလုံး မူဝါဒ ချမှတ်လုပ်ဆောင်မှသာ ဖြေရှင်းနိုင်မည်ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ပြောဆိုသည်။

မြန်မာ့တပ်မတော်သာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးသည် ကလေးစစ်သားအရေး ညီညွတ်စွာ ချမှတ်သင့်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

“လက်နက်ကိုင် အဖွဲ့တွေအတွက် ဖြေရှင်းနည်းကတော့ အဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေ အားလုံး၊ နောက် တပ်ရင်းတပ်ဖွဲ့တွေ အားလုံးက ကလေးစစ်သား အသုံးပြုမှုကို လုံးဝ ခွင့်မပြုတဲ့ ပေါ်လစီတရပ်ကို အားလုံး တညီတညွတ်ချမှတ်ဖို့ လိုမယ်” ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) - HREIB မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မဇ္စျိမကို ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး - KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁ ဗိုလ်မှူး စောလှငွေကလည်း “ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းကတော့ ကျနော်တို့ပါပဲ။ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေနဲ့ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေမှာရှိတဲ့ လူတွေကနေ ကလေးစစ်သား အသုံးပြုတာတော့ မသင့်တော်ဘူး၊ မအပ်စပ်ဘူး။ ဒီပေါ်လစီပေါ်မှာ ရှင်းရှင်းလင်းလင်း လိုက်နာဖို့ဘဲ” ဟုဆိုသည်။   

၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာမှာ မြန်မာစစ်အစိုးရ တပ်အတွင်းမှာသာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့၌ ကလေးစစ်သားများကို အသုံးပြုနေကြောင်း အတိအလင်း ဖော်ပြခဲ့သည်။

ကုလ အတွင်းရေးမှူးချုပ်က အဆိုပါ အစီရင်ခံစာကို ကုလ လုံခြံုရေးကောင်စီသို့ တင်ပြထားပြီး ဖြစ်သည်။

ကရင်နီ လွတ်မြောက်ရေး တပ်မတော်က ကလေးစစ်သား အသုံးမပြုရန် မူဝါဒ ချမှတ်လုပ်ဆောင်ထားကြောင်းနှင့် ကုလ အနေဖြင့် လာရောက်စစ်ဆေးနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ကလည်း အချိန်မရွေး စစ်ဆေးနိုင်ကြောင်း ပြောဆိုခဲ့သည်။

“အစီရင်ခံစာမှာ ပါပြီးရင်တော့ ပြန်ဖျက်ဖို့ အရမ်းခက်တယ်။ ဒီစွပ်စွဲချက်တွေ ဟုတ်လား၊ မဟုတ်လား လေ့လာတာတွေ၊ အမှန်တကယ် မှန်ကန်မှု ရှိတာ၊ မရှိတာတွေ စောင့်ကြပ်တာတွေ ရှိတယ်” ဟု ဦးအောင်မျိုးမင်းက ထောက်ပြပြောဆိုသည်။

သူက ဆက်ပြီး “တချို့နေရာတွေမှာ အထက်ပိုင်း အရာရှိတွေက သဘောပေါက် နားလည်ပေမယ့် အောက်ခြေမှာ ဒီဟာကို မသိတဲ့အတွက် ကလေးတွေကို ခေါ်ပြီးတော့၊ လက်ခံပြီးတော့ စုဆောင်းတဲ့ ကိစ္စမျိုးလည်း ရှိကောင်း ရှိနိုင်တယ်” ဟု ဆိုသည်။

ကုလ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ အရ ကလေးစစ်သား အသုံးပြုမှု အပါအဝင် လက်နက်ကိုင် ပဋိပက္ခအတွင်းမှ ကလေးများကို ကလေးအခွင့်အရေး ချိုးဖောက်ပါက အဆိုပါ အစိုးရကို အရေးယူဆောင်ရွက်ခွင့် ရှိသည်။

ယင်းကစ္စနှင့်ပတ်သက်၍ ဦးအောင်မျိုးမင်းက “ ဖြစ်နိုင်တဲ့ဟာက ကလေးစစ်သားတွေ အများဆုံး ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ လက်နက်ငယ် တင်ပို့ရောင်းချတာတွေ၊ လက်နက်ပိတ်ဆို့မှုတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေ အထိတော့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းလို့ ရတယ်။ အဲဒါက လုံခြံုရေးကောင်စီ အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတဲ့အတွက် ဘယ်လောက် အတိုင်းအတာထိ ရှိမလဲ။ အခုချိန်ထိတော့ ခန့်မှန်းလို့ မရသေးပါဘူး” ဟု ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းက ကလေးစစ်သား အသုံးပြုနေဆဲ မြန်မာနိုင်ငံတွင် စစ်အစိုးရ စစ်‌တပ် အပါအဝင် အစိုးရ မဟုတ်‌သော တိုင်းရင်းသား လက်‌နက်‌ကိုင်‌ အဖွဲ့ ၉ ဖွဲ့ရှိကြောင်း အတိအလင်း ပြောဆိုခဲ့သည်။

ကလေးစစ်သား အသုံးပြုသည်ဟု ကုလမှ ထုတ်ဖော်ခဲ့သည့်  နိုင်ငံတကာ အစိုးရ စစ်တပ်များနှင့် လက်နက်ကိုင် အဖွဲ့ ၅၄ ခုတွင် မြန်မာ လက်နက်ကိုင် တပ် ၉ ခု ပါဝင်နေသည်။