ဂြိုဟ်တုစလောင်းများ ကန့်သတ်ရန် ထပ်မံ ရေးသားလာ

ဂြိုဟ်တုစလောင်းများ ကန့်သတ်ရန် ထပ်မံ ရေးသားလာ
by -
နန်းဒေဝီ
မြန်မာနိုင်ငံရှိ ဂြိုဟ်တုစလောင်းများ အကျယ်အပြန့် တပ်ဆင်အသုံးပြုနေသဖြင့် ဂြိုဟ်တုအရောင်းဆိုင်များ ရပ်ချိန်တန်ပြီဟု ရေးသားထားသည့် ဆောင်းပါးတပုဒ်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ပါရှိလာ ...

နယူးဒေလီ (မဇ္စျိမ)။     ။ မြန်မာနိုင်ငံရှိ ဂြိုဟ်တုစလောင်းများ အကျယ်အပြန့် တပ်ဆင်အသုံးပြုနေသဖြင့် ဂြိုဟ်တုအရောင်းဆိုင်များ ရပ်ချိန်တန်ပြီဟု ရေးသားထားသည့် ဆောင်းပါးတပုဒ်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ပါရှိလာသည်။

လွန်ခဲ့သည့် ၂ လခန့်က ''ပြည်ပမှ ထုတ်လွှင့်နေသော ရုပ်သံများကို ဆင်ဆာမဖြတ်ဘဲ စလောင်းမှတဆင့် ကြည့်နေသည်ကို ကန့်သတ်ရန်'' ဟူသည့် ဆောင်းပါးတပုဒ် ပါရှိခဲ့ပြီးနောက် ယခုတခါ “စလောင်း၊ ဗန်းတို့ ရောင်းတန်းက ရပ်ချိန်တန်ကြပြီ” ဟူသည့် ဆောင်းပါးကို မြန်မာ့အလင်းက ထပ်မံဖော်ပြလာခြင်းဖြစ်သည်။   

“သတင်းစာထဲ ဒီနေ့ ပါလာကိုတွေ့တော့ အံ့သြသွားတယ်။ ကျနော်တို့ အရောင်းဆိုင်တွေကို သတိပေးတာပေါ့ဗျာ။ ဒါပေမဲ့ အခုလောလောဆယ် ဆိုင်တွေကို ဘာမှ မလုပ်သေးဘူး။ နောက်ထပ် ၁ဝ-၁၅ ရက်လောက် စောင့်ကြည့်ရအုံးမယ်” ဟု ရန်ကုန်ရှိ TATA Sky ဂြိုဟ်တုစလောင်း သွင်းကုန်အရောင်းဆိုင်မှ အရောင်းစာရေး ကိုညီညီနိုင်က မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းတွင် ဆောင်းပါးရှင် ကျော်ရဲမင်း၏ “အဆိပ်ပင်ကို ရေမလောင်းသင့်ပါ” ခေါင်းစီးဖြင့် မြန်မာပြည်သူများ အသုံးပြုနေသည့် ဂြိုဟ်တုစလောင်း - Satellite Receiver များဖြင့် ပြည်ပမှ ထုတ်လွှင့်နေသည့် ရုပ်သံလွှင့်အစီအစဉ်များကို ဆင်ဆာမဖြတ်ဘဲ ကြည့်သည့်အပေါ် ကန့်သတ်ရန် ဖော်ပြခဲ့သေးသည်။

ယခုတဖန် ဂြိုဟ်တု အရောင်းဆိုင်များကို ရည်ညွှန်းသည့် ခေါင်းစီးမျိုးဖြင့် ရပ်တန့်သင့်ပြီဖြစ်ကြောင်း ဆောင်းပါးရှင် ကိုကြီး ငွေဇင်ယော်က ရေးသားခြင်းဖြစ်သည်။   

ဆောင်းပါးရှင်က “ဂြိုဟ်တုစလောင်းကို သံယောဇဉ်ထား အစွဲအလမ်းထားနေခြင်းသည် ရေလိုက်လွဲခြင်းဖြစ်သလို အန္တရာယ်များလည်း ကြီးမားလှကြောင်း ပြည်သူအချို့ မသိရှာကြပါ” ဟု ဆိုထားသည်။    

ထို့အပြင် နိုင်ငံအများတွင် ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်ကို အများပြည်သူထဲမှ ပုဂ္ဂလိကပိုင်အနေဖြင့် တိုက်ရိုက် သုံးစွဲခွင့် မရှိစေရန် အစိုးရအဖွဲ့များက တင်းကျပ်စွာ ထိန်းသိမ်းထားပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်၊ ပါကစ္စတန်၊ အီရန် စသည့် နိုင်ငံများတွင် “အများပြည်သူ သုံးစွဲခြင်းကို တရားဝင် ခွင့်ပြုထားခြင်း မရှိပါ” ဟုလည်း ဆိုသည်။    

အင်ဒိုနီးရှား မြို့တော် ဂျကာတာတွင် ဂြိုဟ်တုစလောင်းများ အကျယ်အပြန့် တပ်ဆင်ထားခြင်း မရှိသော်လည်း နိုင်ငံခြား သတင်းဌာနများမှ ပြသနေသော သတင်းချန်နယ်များကို ကုမ္ပဏီများမှတဆင့် လွတ်လပ်စွာ ဖမ်းယူကြည့်ခွင့် ရှိကြောင်း သိရသည်။   

ဂျကာတာတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ကိုဂျွန်မိုးက “တလမှာ လိုင်းကြေး အင်ဒိုနီးရှား ရူပြား (Rupiah) ၁ သိန်းခွဲ ပေးရတယ်။ ဒါပေမဲ့ BBC, CNN စတဲ့ သတင်းချန်နယ်တွေကို ကြည့်ခွင့်ရှိတယ်” ဟု ပြောသည်။    

၁၉၉၃ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၁/၉၃) တွင် “မည်သူမျှ လိုင်စင်မရှိဘဲ ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်ဆိုင်ရာ ကြိုးမဲ့ကြေးနန်း ပစ္စည်းကိရိယာတခုခု ထုတ်လုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ ဟူသည့် အမိန့်ကို ချမှတ်ခဲ့ကြောင်း မြန်မာ့အလင်း ဆောင်းပါးရှင်းက ထောက်ပြထားသည်။    

ဆက်သွယ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းများကို ရောင်းချ၊ ထုတ်လုပ်ခွင့် တင်းကျပ်ခြင်းသည် သတင်း လွတ်လပ်ခွင့်ကို စနစ်တကျ ဖိနှိပ်ခြင်းသာဖြစ်ကြောင်း မြန်မာသတင်းသမားများက ယုံကြည်နေသည်။    

လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် သတင်းလွတ်လပ်ခွင့် မရှိသည့် မြန်မာနိုင်ငံတွင် လိုင်စင်မဲ့ ဂြိုဟ်တုစလောင်းများ ကျယ်ပြန့်စွာ တပ်ဆင်လာခြင်းဖြင့် မြန်မာပြည်သူများသည် ပြည်ပမှ ထုတ်လွှင့်နေသည့် ရုပ်မြင်သံကြားသတင်းများ လွတ်လပ်စွာ ကြည့်ရှုနိုင်သည်။    

တရားဝင် ဂြိုဟ်တုစလောင်း တပ်ဆင်ပါက လစဉ်ကြေး ပေးသွင်းရသဖြင့် တပ်ဆင်နိုင်ခြင်း မရှိကြောင်း ရန်ကုန်သားတဦးက ယခုလို ပြောသည်။    

“အစိုးရ ပြောတာက မှန်ပါတယ်။ လူအများစုက ဂြိုဟ်တုစလောင်းတွေကို လိုင်စင်မဲ့ တပ်ကြတယ်။ ဒါပေမဲ့ ကျနော်တို့မှာ လစဉ်ကြေး ပုံမှန် ၁ သောင်းခွဲသွင်းဖို့က မလွယ်ဘူးဗျ” ဟု သူက ပြောသည်။    

ယခုလို ဂြိုဟ်တုစလောင်း တပ်ခြင်းကို ကန့်သတ်ရန်အတွက် အရောင်းဆိုင်များကို သတိပေးနေခြင်းသည် လိုင်စင်မဲ့ ဂြိုဟ်တုစလောင်း ကျယ်ပြန့်စွာ သုံးနေသည့်အပေါ် အခွန်ငွေကောက်ရန် ရည်ရွယ်၍ လုပ်နေခြင်းဖြစ်သော်လည်း အရောင်းဆိုင်များအနေဖြင့် ဂြိုဟ်တုအရောင်း ရပ်တန့်သွားမည် မဟုတ်ကြောင်း အရောင်းဆိုင်များက ပြောသည်။    

“စလောင်းဆိုင်တွေက ခိုးရောင်းနေတာ ကြာပါပြီ။ ဒါပေမဲ့ သူတို့ လုပ်လို့ အရောင်း ရပ်ဆိုင်းသွားမှာ မဟုတ်ဘူး။ ဗီအိုအေလိုင်း မြန်မာရုပ်မြင်သံကြားကို TATA sky ကနေ ချိန်ကြည့်လို့ ရတယ်” ဟု ရန်ကုန်ရှိ ဂြိုဟ်တုစလောင်း သွင်းသည့်ဆိုင်က တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။    

၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုများကို ဗီစီဒီ အခွေများ၊ ဓာတ်ပုံများဖြင့် ပြည်ပရှိ မြန်မာသတင်းဌာနများက အချိန်မီ ထုတ်လွှင့်နိုင်ခဲ့သည်။    

ထို့အတွက် အစိုးရက ပြည်တွင်းပြည်ပ သတင်း စီးဆင်းမှုများကို တားဆီးသည့်အနေဖြင့် ဘလော့ဂါများ၊ ပြည်တွင်း သတင်းထောက်များကို ဖမ်းဆီးခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။    

ယခု ဆောင်းပါးရှင်က စလောင်းကြည့်နေခြင်းသည် အဆိပ်အတောက်များ၊ ဝါဒမှိုင်းများ၊ အညှီအဟောက်များကို ပိုက်ဆံပေးပြီး ဝယ်နေကြသည့် သဘောပင် ဖြစ်ကြောင်း ရေးထားသည်။

ချန်နယ်များကို သုံးသပ်ကြည့်ပါက နိုင်ငံသားတို့၏ စည်းကမ်းနှင့် စနစ်တကျရှိမှုကို ထိခိုက်ပျက်ပြားစေသည့် ချန်နယ်များ၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် အကျင့်စာရိတ္တကို ယိုယွင်းပျက်စီးစေသည့် ချန်နယ်များ၊ အမျိုးသားရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ကို ယိမ်းယိုင်ချည့်နဲ့စေသည့် ချန်နယ်များသည် ကောင်းကျိုးထက် ဆိုးကျိုးက ပိုမို အလေးသာနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း ဆိုထားသေးသည်။