ရှေ့နေ ကိုဖိုးဖြူ အယူခံဝင်

ရှေ့နေ ကိုဖိုးဖြူ အယူခံဝင်
by -
ဖနိဒါ
လယ်အသိမ်းခံရသည်ကို အိုင်အယ်အိုသို့ တိုင်ပေးသဖြင့် အဖမ်းခံရသူအတွက် အမှုလိုက်သူ ရှေ့နေ ကိုဖိုးဖြူအား ထောင်ဒဏ်ချသည်ကို ယမန်နေ့က မကွေးခရိုင် တရားရုံး၌ အယူခံဝင်ခဲ့ကြောင်း သိရ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ လယ်အသိမ်းခံရသည်ကို အိုင်အယ်အိုသို့ တိုင်ပေးသဖြင့် အဖမ်းခံရသူအတွက် အမှုလိုက်သူ ရှေ့နေ ကိုဖိုးဖြူအား ထောင်ဒဏ်ချသည်ကို ယမန်နေ့က မကွေးခရိုင် တရားရုံး၌ အယူခံဝင်ခဲ့ကြောင်း သိရသည်။    

မကွေးမြို့နယ် တရားရုံးက မတရား အသင်းအဖွဲ့ ပုဒ်မဖြင့် ထောင်ဒဏ် ၄ နှစ်ချခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် မကိုက်ညီဟုဆိုကာ သူ၏ အကျိုးဆောင်ရှေ့နေများက ခရိုင်တရားရုံးသို့ အယူခံ တင်သွင်းခြင်း ဖြစ်သည်။    

“ကျနော် အယူခံ သွင်းထားပါတယ်။ မကွေးခရိုင် တရားရုံးကနေ အယူခံကို လက်ခံရရှိပါတယ်။ နောက် ရ ရက်နေ့ကျရင် လျှောက်လဲချက် အပြီးသတ်ဖို့ ချိန်းထားပါတယ်” ဟု ရှေ့နေ ဦးမြင့်သွင်က မဇ္စျိမကို ပြောသည်။

အယူခံအတွက် မန္တလေးမြို့မှ ရှေ့နေများဖြစ်သည့် ဦးမြင့်သွင်နှင့် ဦးရွှေလှက ဆောင်ရွက်ခဲ့သည်။   

ကိုဖိုးဖြူအား ပုဒ်မ ၃ (ဂ) အရ အသင်းအဖွဲ့ကို မှတ်ပုံမတင်ဘဲ ဖွဲ့စည်းမှု၊ ၅ (ဂ) အရ အစိုးရ၏ ယန္တရားကို ရပ်တန့်စေရန် ပြုလုပ်မှုဖြင့် စွဲချက်တင် ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။    

ရှေ့နေ ဦးမြင့်သွင်က “လူပြသက်သေတွေရဲ့ ထွက်ဆိုချက်အရ ဥပဒေ အကျိုးဆောင်လူငယ်များ အဖွဲ့ဆိုတာ အများအတွက် အကျိုးဆောင်ပေးဖို့ ရည်ရွယ်တာ၊ ဒါပေမဲ့ မဖွဲ့ရသေးဘူး။ အသင်းအဖွဲ့အနေနဲ့ အမှုလိုက်တာ မဟုတ်ဘူး။ အသင်းဝင်အနေနဲ့ အမှုလိုက်တာလည်း မဟုတ်လို့ ၃ (ဂ) အရ အပြစ်ရှိတယ်လို့ သုံးသပ်တာဟာ ဥပဒေအရ မှားယွင်းလို့ အယူခံ တက်ပါတယ်'' ဟု ဆိုသည်။

''၅ (ဂ) အရ အစိုးရ ယန္တရားကို ရပ်တန့်အောင် လုပ်တယ်ဆိုတာကလည်း စွပ်စွဲတာပါ။ ဒါပေမဲ့ ကိုဖိုးဖြူက အစိုးရ ယန္တရားဖြစ်တဲ့ တရားစီရင်ရေးမှာ ကူညီဆောင်ရွက်ပေးနေသူပဲလေ” ဟု သူက ဆက်လက်ပြောဆိုသည်။    

ရုံးချိန်းတရက်တွင် စစ်ဆေးကြားနာရာ၌ လူငယ်ရှေ့နေ မနန်းအိအိလှိုင်က အသင်းအဖွဲ့ ဖွဲ့စည်းခြင်း မရှိသေးကြောင်း သက်သေထွက်ဆိုခဲ့သည်။    

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ကိုဖိုးဖြူသည် အမှုလိုက်ရင်း မကွေးမှ ရန်ကုန်သို့ ပြန်အလာ လမ်းခုလတ်၌ ရဲသတင်းတပ်ဖွဲ့က ရှာဖွေစစ်ဆေးစဉ် သူ၏ နေ့စဉ်မှတ်တမ်းတွင် လူငယ်ဥပဒေ အကျိုးဆောင်အဖွဲ့ ဖွဲ့ရန်အတွက် အချက်အလက်များ တွေ့ရှိသဖြင့် ၂ လခန့် မကွေးရဲစခန်း၌ ချုပ်နှောင်ခံခဲ့ရသည်။

မကွေးမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ ရွာသားများ၏ လယ်ဧက ၅ဝဝဝ ခန့်ကို ဒေသတွင်း ပင်မ စစ်လက်နက်တပ်က သိမ်းရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် - အိုင်အယ်အိုထံ ဦးဆောင်တိုင်ကြားသူ ကိုဇော်ဌေးအား အာဏာပိုင်များက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲသည့်အမှုတွင် ကိုဖိုးဖြူက အကျိုးဆောင်စဉ် အဖမ်းခံရခြင်း ဖြစ်သည်။

ကိုဇော်ဌေးကို ခရိုင်တရားရုံးက ထောင်ဒဏ် ၁ဝ နှစ် ချခဲ့သလို၊ ကိုဖိုးဖြူကိုမူ မတ်လ ၁၇ ရက်နေ့တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၄ နှစ် ချခဲ့သည်။ ကိုဖိုးဖြူ အယူခံအတွက် မေလ ရ ရက်နေ့တွင်  လျှောက်လဲချက်ပေးရန် ရှေ့နေများက ယမန်ယူခဲ့ကြသည်။   

Most read this week