မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် KNU စစ်သားတဦး ဒဏ်ရာရ

မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် KNU စစ်သားတဦး ဒဏ်ရာရ
by -
ဒယ်နီယယ် ပီဒါဆင်
သူ၏တပ်ဖွဲ့နှင့်အတူ တောနက်ထဲ၌ ချီတက်သွားလာနေစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်သားတဦး ဒဏ်ရာ ရရှိသွားသည်။ သူတို့၏ အခြေချစခန်းကို တိုက်ခိုက်နေသည့် တိုက်ပွဲသည် ယနေ့တွင် ၁ဝ ရက်မြောက်ရှိပြီ ...

မဲဆောက် (မဇ္ဈိမ)။     ။ သူ၏တပ်ဖွဲ့နှင့်အတူ တောနက်ထဲ၌ ချီတက်သွားလာနေစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်သားတဦး ဒဏ်ရာ ရရှိသွားသည်။   

သူတို့၏ အခြေချစခန်းကို တိုက်ခိုက်နေသည့် တိုက်ပွဲသည် ယနေ့တွင် ၁ဝ ရက်မြောက်ရှိပြီ ဖြစ်သည်။ ဝေါလေခီးစခန်းသည် ထိုင်းနယ်စပ်မြ့ုိ မဲဆောက်၏ တောင်ဘက်တွင် တည်ရှိပြီး၊ ထိုင်းနယ်စပ် တဘက်ခြမ်းတွင်ရှိကာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ စခန်းဖြစ်သည်။   

ယခင်အပတ်က မြေမြှုပ်မိုင်းများနှင့် တောထဲတွင် ထောင်ထားသော ထောင်ဗုံးများကြောင့် အထိအခိုက် အကျအဆုံး များခဲ့ပြီးနောက် မြန်မာစစ်တပ်နှင့် ယင်းတို့၏ မဟာမိတ်စစ်တပ်ဖွဲ့ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် - DKBA သည် နောက်ပြန်ဆုတ်သွားကြပြီ ဖြစ်သည်။   

KNLA ပြောက်ကျားတပ်ဖွဲ့များကို အပြတ်ရှင်းရန်အတွက် အနီးရှိ တောင်ကုန်းမြင့်များပေါ်မှ မရပ်မနား လက်နက်ကြီးများဖြင့် ဝေါလေးခီး စခန်းပေါ်သို့ ပစ်ခတ်နေခဲ့ပြီး၊ ယင်းစခန်း ကျဆုံးသွားပါက တပ်မဟာ ၆ ၏ နောက်ဆုံး အဓိက စခန်း ကျဆုံးသွားခြင်းဖြစ်ပြီး သူတို့အတွက် မသာခေါင်းလောင်း ထိုးလိုက်သလို ဖြစ်သွားလိမ့်မည်။ ယခုထိတော့ အဓိက ထိုးစစ်များကို ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။   

သူတို့ကို လက်နက်ကြီးများသုံး၍ တနေကုန် တိုက်ခိုက်နေခဲ့သည်ဟု ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးမြ၏ အကြီးဆုံးသားဖြစ်သူ ဗိုလ်မှူးကြီးနဒါးမြက ပြောသည်။   

KNLA တပ်ဖွဲ့များပေါ်သို့ ၈၁ မမ စိန်ပြောင်းဆံ ၅ လုံးကျော်ကျခဲ့ပြီး အထိအခိုက်မရှိဟု ဆိုသည်။ မြန်မာနိုင်ငံကို အုပ်စိုးနေသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - SPDC ၏ တပ်ဖွဲ့များက လေယဉ်ပေါ်မှလည်း ပွိုင့် ၅ စက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သူတို့စခန်း၏ တဲတဲသာ ကျန်တော့သော အခြေအနေကို ဗိုလ်မှူးကြီး နဒါးမြက ယခုလို ပြောသည်။ “သူတို့က အထက်စီး ရထားတယ်၊ ကျနော်တို့ကလည်း အပေါ်စီးကပဲ။ ကြားထဲမှာက ပြောက်ကျားတပ်ဖွဲ့တွေ ရှိနေတာ”။

“မြေမြှုပ်မိုင်းတွေနဲ့ ထောက်ချောက်ဗုံးတွေက အများကြီးပဲ။ ဝေါလေခီးက တကယ့်စစ်ဇုံပါ”။   

SPDC တပ်ဖွဲ့များသည် ဝေါလေးခီးမှ ၅ မိုင်အကွာ တောင်ကုန်းပေါ်တွင် စခန်းချထားပြီး၊ ယနေ့တွင် KNLA ပိုင်နက် နယ်မြေအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ခြင်း မရှိသေးဟု ဆိုသည်။ ယခင် ရက်သတ္တပတ်လုံး ထိုနယ်မြေအတွင်း ချင်းနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။   

“မြေမြှုပ်မိုင်းကြောင့် သူတို့ အထိအခိုက် အကျအဆုံးများလို့ မဝင်တာပါ” ဟု သူက ပြောသည်။   

စခန်းတဝိုက် ယမန်နေ့က နှိုင်းယှဉ်ချက်အားဖြင့် တိတ်ဆိတ် ငြိမ်သက်နေသည်။ ဤနေရာမျိုးတွင် အစဉ်အလာ သတ်မှတ်ထားသော ရှေ့တန်း စစ်မျက်နှာဟူ၍ မရှိဘဲ၊ နေရာတိုင်းမှ ဝင်ရောက်လာနိုင်ပြီး အသက်အန္တရာယ် အလွန်ကြီးလှသည်။   

KNLA ၏ အခြေချစခန်းကို တိုက်ခိုက်နေသော ဤတိုက်ပွဲတွင် SPDC/DKBA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ယခုအထိ ရ ဦးကျဆုံး၍ ၃၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဖြစ်သည်။   

ယနေ့တွင် သူတို့ဘက်မှ အထိအခိုက် မရှိပါ။   

ယနေ့ မြေမြှုပ်မိုင်း ဒဏ်ရာကြောင့် KNLA စစ်သားတဦး သေဆုံးပြီး၊ ဧပြီလ ၁၂ ရက်နေ့ကတည်းက စတင်ရေတွက်လျှင် ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။   

အင်အား ၂၅ဝ ခန့်ရှိ မြန်မာစစ်တပ်နှင့် DKBA ပူးပေါင်းတပ်ဖွဲ့သည် ၆ဝ မမ နှင့် ၈၁ မမ စိန်ပြောင်း အများအပြားကို သုံးစွဲတိုက်ခိုက်ခဲ့သည်။   

နောက်ဆုံး မော်တာဆံများဖြင့် တိုက်ခိုက်ခံရခြင်းသည် လွန်ခဲ့သော ၂၅ မိနစ်ခန့်က ဖြစ်ခဲ့ပြီး၊ အခြေအနေမှာ ‘သိပ်မကောင်း၊ သူတို့က ကျနော်တို့ကို နေ့တိုင်း လာတိုက်နေတာ’ ဟု ဝေါလေးခီးစခန်း တပ်မှူးက အင်္ဂါနေ့ မွန်းလွဲ ၃ နာရီခန့်က ပြောသည်။   

KNLA တပ်ဖွဲ့ဝင်များက ဤသို့ တိုက်ခိုက်လာမည်ကို ကြိုတင်မျှော်လင့်ထားခဲ့ပြီး၊ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။   

ဤဒေသတခုလုံးကို မြေမြှုပ်မိုင်းများ၊ ထောင်ချောက်ဗုံးများ ထောင်ထားပြီး၊ KNU ဒုဥက္ကဋ္ဌ ဒေးဗစ်သာကပေါကလည်း သူတို့တပ်မတော်အနေဖြင့် ကလေးမိုး (Claymore) ရှေ့ထွက်မိုင်းများ ထုတ်လုပ်သုံးစွဲနေကြောင်း လွန်ခဲ့သော ရက်အနည်းငယ်က အတည်ပြု ပြောကြားခဲ့သည်။ ယင်းသည် အဓိကအားဖြင့် မိမိကိုယ်မိမိ ကာကွယ်ရေးအတွက်ဖြစ်ပြီး၊ မီတာ ၂၅ဝ အထိ ထိရောက်စွာ အသုံးပြုနိုင်သည်ဟု ဆိုသည်။   

ယနေ့ နံနက်ပိုင်းတွင် KNLA တပ်ဖွဲ့များထံသို့ ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိသွားခဲ့သည်။   

စစ်သားများရော၊ ဒုက္ခသည်များပါ ယခုအချိန်တွင် နယ်စပ်ကို ဖြတ်ကျော်သွားလာရန်မှာ မဖြစ်နိုင်သလောက်ဖြစ်ပြီး၊ အနီးအနားရှိ ကျေးရွာများတွင် ထိုင်းစစ်တပ်က စစ်ဆေးရေးဂိတ်များ ချထားစောင့်ကြပ်နေပြီး၊ နယ်စပ်ကိုလည်း ပိတ်ဆို့ထားသည်။ မော်တော်ယာဉ်များကိုလည်း ပုံမှန် ကင်းလှည့်စောင့်ကြပ်လျက် ရှိသည်။