မန္တလေးတိုင်းရှိ ဘိလပ်မြေ စက်ရုံတချို့ အပိတ်ခံရ

မန္တလေးတိုင်းရှိ ဘိလပ်မြေ စက်ရုံတချို့ အပိတ်ခံရ
by -
နန်းဒေဝီ
အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းသည့်အတိုင်း မလိုက်နာသည့် မန္တလေးတိုင်းရှိ ပုဂ္ဂလိက ဘိလပ်မြေ စက်ရုံတချို့ကို ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ပိတ်ပစ်ခဲ့သည်။ နာမည်ကြီး AAA တံဆိပ် ဘိလပ်မြေ အပါအဝင် မြန်မာဆင်၊ ကျားခေါင်း စသည့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ...

နယူးဒေလီ (မဇ္စျိမ)။     ။ အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းသည့်အတိုင်း မလိုက်နာသည့် မန္တလေးတိုင်းရှိ ပုဂ္ဂလိက ဘိလပ်မြေ စက်ရုံတချို့ကို ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ပိတ်ပစ်ခဲ့သည်။   

နာမည်ကြီး AAA တံဆိပ် ဘိလပ်မြေ အပါအဝင် မြန်မာဆင်၊ ကျားခေါင်း စသည့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၅ ရုံထက်မနဲကို မန္တလေးတိုင်း ကျောက်ဆည်မြို့၊ သံရွာသို့ ပြောင်းရွှေ့ရန် လွန်ခဲ့သည့် ၂ နှစ်ခန့်က အာဏာပိုင်များက ပြောဆိုခဲ့သော်လည်း ယနေ့တိုင် မပြောင်းသေးသဖြင့် အပိတ်ခံရခြင်းဖြစ်သည်။    

“သင်္ကြန်အတွင်းမှာ အထက်က ပိတ်ခိုင်းလိုက်တာပါ။ ပိတ်ဆိုတော့လည်း ပိတ်လိုက်ရတာ။ အခုက သံရွာက အဆောက်အဦက မပြီးသေးဘူး။ အနဲဆုံး ၁ နှစ်ခွဲ၊ ၂ နှစ်လောက် ကြာအုံးမယ်။ အောက်ခြေ ကြမ်းပြင်တွေကို ပြင်ဆင်နေတုန်း” ဟု အပိတ်ခံလိုက်ရသည့် နာမည်ကြီး ဘိလပ်မြေစက်ရုံတခုမှ မန်နေဂျာတဦးက မဇ္စျိမကို ပြောသည်။    

အပိတ်ခံလိုက်ရသည့် စက်ရုံများတွင် AAA (အေ သုံးလုံး) ဘိလပ်မြေ စက်ရုံလည်း ပါဝင်သည်။    

အလုပ်သမား ၂ဝဝဝ ကျော်နှင့် လည်ပတ်နေသည့် AAA စက်ရုံကို ပိတ်လိုက်ရသဖြင့် နေ့စား အလုပ်သမား ၁ဝဝဝ ကျော် အလုပ်လက်မဲ့ ဖြစ်သွားသည်။     

သို့သော် ပြောင်းရွှေ့ရန် သတ်မှတ်ခံထားရသည့် ကျားခေါင်း ဘိလပ်မြေစက်ရုံမှာ ယနေ့တိုင် လည်ပတ်နေဆဲ ဖြစ်သည်။    

ဘိလပ်မြေ စက်ရုံသည် တနေရာမှ တနေရာသို့ ပြောင်းရွှေ့ရန် မလွယ်ကူကြောင်း ကရင်ပြည်နယ်၊ ဘားအံမြို့ တဖက်ကမ်းရှိ အစိုးရပိုင် မြင်းခြံနှင့် ကြံ့တံဆိပ်တို့ကို ထုတ်လုပ်နေသည့် မြိုင်ကလေး ဘိလပ်မြေစက်ရုံမှ စက်ရုံမှူးတဦးက ယခုလို ပြောသည်။   

“မလွယ်ဘူး။ ထုံးကျောက်ခွဲစက်တို့၊ ဂဝံကြိတ်စက်တွေအပြင် တခြားစက်ကြီးတွေ အများကြီး ရှိသေးတယ်။ တော်တော်ကို မလွယ်တာ” ဟု အဆိုပါ စက်ရုံမှူးက ပြောသည်။    

ထို့အပြင် သင်္ကြန်အတွင်း ဘိလပ်မြေစျေးများ အဆမတန် စျေးတက်သွားကာ သင်္ကြန်မတိုင်မီက ကြံ့တံဆိပ် ဘိလပ်မြေ တအိတ်လျှင် ကျပ် ၆ဝဝဝ ပေးရသော်လည်း ယခုအခါ ကျပ် ၈ဝဝဝ အထိရှိနေပြီး၊ ထိုင်းနိုင်ငံလုပ် ဆင်တံဆိပ် ဘိလပ်မြေ တအိတ်တန်ဖိုးမှာ တအိတ်လျှင် ၅၈ဝဝ ကျပ်မှ ၈၂ဝဝ ကျပ်အထိ စျေးတက်သွားကြောင်း သိရသည်။   

“ပစ္စည်းတွေက မဝင်ဘူး ဖြစ်နေတယ်။ သင်္ကြန်အတွင်းလည်း မဝင်ဘူး။ ဘာဖြစ်လို့လဲ မသိပါဘူး” ဟု ရန်ကုန်ရှိ Cement World ဘိလပ်မြေ အရောင်းဆိုင် ဝန်ထမ်းတဦးက ပြောသည်။

Most read this week