နေပြည်တော် လေဆိပ် တိုးချဲ့ရေး အေးရှားဝေါလ် တာဝန်ယူမည်

နေပြည်တော် လေဆိပ် တိုးချဲ့ရေး အေးရှားဝေါလ် တာဝန်ယူမည်
by -
မေကျော်
ထပ်မံတိုးချဲ့မည့် နေပြည်တော် လေဆိပ်အတွက် အေးရှားဝေါလ် ကုမ္ပဏီနှင့် စင်္ကာပူ CPG Consultant Pet. Ltd တို့က တည်ဆောက်နေပြီ ဖြစ်သည်။ လက်ရှိ အနေအထားအရ နေပြည်တော် လေဆိပ်မှာ လေယာဉ်ကြီးများ ဝင်ရောက်နိုင်ခြင်း မရှိသေး ...

ချင်းမိုင် (မဇ္စျိမ)။     ။ ထပ်မံတိုးချဲ့မည့် နေပြည်တော် လေဆိပ်အတွက် အေးရှားဝေါလ် ကုမ္ပဏီနှင့် စင်္ကာပူ CPG Consultant Pet. Ltd တို့က တည်ဆောက်နေပြီ ဖြစ်သည်။

လက်ရှိ အနေအထားအရ နေပြည်တော် လေဆိပ်မှာ လေယာဉ်ကြီးများ ဝင်ရောက်နိုင်ခြင်း မရှိသေးသော်လည်း နိုင်ငံတကာ အဆင့်မီ လေဆိပ်တခု ဖြစ်လာစေရန်  တိုးချဲ့ရခြင်း ဖြစ်သည်။

မူလရှိပြီးသား လေဆိပ်ကို အဆင့် ၃ ဆင့်ဖြင့် ထပ်မံ တိုးချဲ့မည်ဖြစ်ရာ၊ ပထမအဆင့်အဖြစ် တနှစ်လျှင် ခရီးသည် ၃ ဒဿမ ၅ သန်း ဝင်ရောက်နိုင်မည့် အဆောက်အဦများ တည်ဆောက်မည်ဟု ဆိုထားသည်။   

သို့သော် လေဆိပ် ပထမအဆင့် စီမံကိန်းကိုသာ ဖော်ပြသော်လည်း ကျန် ၂ ဆင့်အတွက်မူ ဖော်ပြမထားပေ။

ထို ပထမအဆင့်အတွက် အေးရှားဝေါလ် ကုမ္ပဏီနှင့် စင်္ကာပူ၏ ထိပ်တန်း ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သော CPG Consultant Pet. လိမိတက် တို့က ပူးပေါင်း တည်ဆောက်မည်ဟုသာ သိရသည်။

ထိုအဆင့် တည်ဆောက်မှု ပြီးစီးလျှင် နိုင်ငံတကာ လေဆိပ်များဖြစ်သည့် လက်ရှိ ရန်ကုန်နှင့် မန္တလေး တံတားဦး လေဆိပ်တို့ထက် ပိုမို ကြီးမားလာမည် ဖြစ်သည်။

အေးရှားဝေါလ် ကုမ္ပဏီမှာ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏ သားဖြစ်သူ ထွန်းမြင့်နိုင် ခေါ် စတီဗင်လော ပိုင်ဆိုင်ပြီး သူ့ကို အမေရိကန် အစိုးရက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့  အရေးယူထားသည်။

CPG သည် အာရှ-ပစိဖိတ် ဒေသတွင်း၌ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းများအတွက် အထောက်အပံ့ပြုနေသော ကမ္ဘာ့အဆင့်မီ ကုမ္ပဏီ လိမိတက်ဖြစ်သည်။

စွမ်းရည်ထက်မြက် လုပ်သား နှစ်ထောင်ကျော် ရှိနေကာ၊ တရုတ်နိုင်ငံ ရှန်ဟဲ၊ အိန္ဒိယတို့တွင် အခြေခံ ဖွံ့ဖြိုးရေးအလုပ်များအတွက် ဆွေးနွေးအကြံပေး လုပ်ငန်းများလည်း ထားရှိပြီး၊ အုပ်ချုပ်ရေး၊ ဗိသုကာပုံစံ၊ ဓာတ်ခွဲခန်းများပါမကျန် ဆောင်ရွက်ပေးနေသော ကုမ္ပဏီဖြစ်သည်။