အဖမ်းအဆီး ရှိခဲ့သဖြင့် သစ်လုပ်ငန်းများ ရာသီနှောင်းမှ ပြန်စနိုင်

အဖမ်းအဆီး ရှိခဲ့သဖြင့် သစ်လုပ်ငန်းများ ရာသီနှောင်းမှ ပြန်စနိုင်
by -
မျိုးကြီး
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ တရားမဝင် သစ်လုပ်ငန်းသည် ပွင့်လင်းရာသီအတွင်း အာဏာပိုင်များ၏ အဖမ်းအဆီးကြောင့် ရပ်တန့်နေခဲ့ရာမှ ရာသီကုန်ဆုံးခါနီးတွင် အဖမ်းအဆီး ကျဲသွားသဖြင့် ပြန်လည်၍ အလုပ်ဖြစ်လာ ...

ရွှေလီ (မဇ္စျိမ)။     ။ ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ တရားမဝင် သစ်လုပ်ငန်းသည် ပွင့်လင်းရာသီအတွင်း အာဏာပိုင်များ၏ အဖမ်းအဆီးကြောင့် ရပ်တန့်နေခဲ့ရာမှ ရာသီကုန်ဆုံးခါနီးတွင် အဖမ်းအဆီး ကျဲသွားသဖြင့် ပြန်လည်၍ အလုပ်ဖြစ်လာသည်။

ဇန်နဝါရီလမှ မေလကုန်အထိ သစ်ထုတ်လုပ်သည့် ပွင့်လင်းရာသီအတွင်း တောက်လျှောက်ဆိုသလို နအဖ စစ်ကြောင်းများက သစ်တောကြီးများတွင် မွှေနှောက်ဖမ်းဆီးနေရာမှ လျော့ကျသွားသဖြင့် လွန်ခဲ့သည့် ရက် ၂ဝ ခန့်မှ စတင်ကာ လုပ်ငန်းများ လုပ်နေပြီဟု သစ်လုပ်ငန်း လုပ်ကိုင်သူများ အဆိုအရ သိရခြင်းဖြစ်သည်။

”အဖမ်းအဆီးကတော့ မလွတ်ပါဘူး။ စိန်ပြေးတမ်း ကစားနေတာပေါ့။ အခုတလော ဖမ်းတာ သိပ်မရှိဘူး။ ပြန်လုပ်လို့ ရပြန်ပြီလေ။ နဲနဲ အခြေအနေ ပြန်ကောင်းလာပြီ” ဟု မန်စီမြို့မှ သစ်လုပ်ငန်း လုပ်ကိုင်သူတဦးက မဇ္စျိမကို ပြောသည်။

မန်စီမြို့နယ်ဘက်မှ တရုတ်နယ်စပ်ဘက်သို့ အများဆုံး တင်ပို့နေသည့် သစ်များမှာ ကျွန်းသစ်နှင့် သတ်မနန်း သစ်မာ အမျိုးအစားဖြစ်ပြီး၊ သစ်လုပ်ငန်းရှင် သူဋ္ဌေး (လောပန်း) က တာဝန်ယူလျှင် အဖမ်းအဆီးမရှိကြောင်း သိရသည်။

”ဖမ်းပြီးနောက်ပိုင်းတော့ ပြန်ဖွင့်လာပြန်တာပေါ့။ ဖမ်းပြီးပြီဆို၊ နားလိုက်ပြန်ရော။ နားပြီးပြီဆို၊ တခါပြန်ပြီး လုပ်ကြပြန်ရော။ ခိုးလုပ်ရတာပေါ့။ ဖမ်းပြီဆိုရင်တော့ ပြန်ရွေးလို့ မရဘူး။ ကားရော၊ လူရော၊ သစ်ရော အကုန်လုံးပေါ့။ လောပန်း (သူဋ္ဌေး) က တာဝန်ယူရင်တော့ ကိုယ်က စိတ်အေးရတယ်” ဟု သူက ဆက်ပြောသည်။

သူပြောသည့် လောပန်း (သူဋ္ဌေး) ဆိုသည်မှာ သစ်ကုမ္ပဏီကြီးများက ငွေကြေးပံ့ပိုးပေးထားသည့် သစ်လုပ်ငန်းရှင်များ ဖြစ်ကြပြီး၊ သူတို့က စစ်တိုင်းမှူးကြီးများအပြင် နေပြည်တော်ရှိ အရာရှိကြီးများနှင့် တိုက်ရိုက် ဆက်ဆံနိုင်သူများလည်း ဖြစ်ကြောင်း သိရသည်။   

သူတို့က သစ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် လိုအပ်သည့် ယာဉ်နှင့် အလုပ်သမား မြောက်မြားစွာကိုလည်း ငှားရမ်းအသုံးပြုကြသည်။

ခေါက်တိုသစ်သယ်ယူခအဖြစ် တခေါက်လျှင် ကားတစီးသည် ကျပ်ငွေ ရ သိန်း ရရှိကြောင်း သိရသည်။

ထို့နောက် သစ်များကို တရုတ်နိုင်ငံဘက်ရှိ တရုတ်ကုမ္ပဏီများထံ တင်ပို့ရောင်းချကြခြင်းဖြစ်သည်။   

ကချင် လွတ်လပ်ရေး တပ်မတော် - ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာဘက်သို့လည်း သစ်ကားများ ပုံမှန် ဝင်လာနေကြောင်း မျက်မြင်ဒေသခံတဦးက ပြောသည်။

”ပုံမှန်တော့ ဝင်နေတယ်။ တရက်ကို ကား ၁ဝ စီး ပတ်ဝန်းကျင်ပေါ့။ အခုလေးတင် ၄ စီး ဝင်လာတာ တွေ့လိုက်ရတယ်။ ဗန်းမော်-ရွှေကူဘက်တော့ အောင်မိုင်ကုမ္ပဏီ လုပ်တယ်၊ ထူးကုမ္ပဏီ လုပ်တယ်။ ဆင်ဘို (မြစ်ကြီးနားခရိုင်) ဘက်မှာတော့ လောပန်း၊ လောင်းရင်း လုပ်နေတယ်” ဟု မျက်မြင်က ပြောသည်။

ကချင်ပြည်နယ်မှတဆင့် သစ်များကို လမ်းကြောင်း ၃ ကြောင်းဖြင့် တရုတ်နယ်စပ်သို့ သယ်ယူကြောင်း သိရသည်။

”မြစ်ကြီးနား ဆွမ်ပရာဘွမ်၊ ချီဗွေ တြိဂံနယ်မြေပေါ့၊ မေခ-မလိခ မြစ်ကြား၊ အဲဒီဘက်က ထိန်ချုန်း (တရုတ်ပြည်) ဘက်ကို ဖြတ်တယ်။ ဆင်ဘို (မြစ်ကြီးနားခရိုင်) - ကောက်ကွေ့ပါ (မိုးညှင်းမြို့နယ်)။ ဧရာဝတီ အနောက်ခြမ်းက ရင့်ကျန်း (တရုတ်ပြည်) ဘက်ကို ပို့တယ်။ ရွှေကူ-ဗန်းမော်-မန်စီဘက်ကနေ နောင်တောင်း-ရွှေလီကိုပေါ့။ အဲလိုတော့ ဖြတ်နေတယ်” ဟု သစ်ကုန်သည်နှင့် နီးစပ်သူ လိုင်ဇာဒေသခံက ပြောသည်။

စစ်တပ်က ဖမ်းဆီးမိသည့် သစ်များကို ပြန်လည်၍ ရောင်းစားသည်များလည်း ရှိကြောင်း သိရသည်။

သူက ”အဲဒီ ဖမ်းတဲ့သစ်တွေတော့ အမြဲတမ်း ပြန်ရောင်းစားတာပဲလေ။ ကျောက်စိမ်းလည်း ဒီအတိုင်းပဲ။ နောက်ပြီး တပ်ရင်းတွေကို လုပ်ခွင့်ပေးတယ်။ စစ်တပ်ရန်ပုံငွေအတွက် တဖက်တလမ်းကနေ ရန်ပုံငွေ ရှာတာတော့ တပ်ရင်း အသီးသီးကပဲလေ” ဟု ပြောသည်။

Most read this week